အမေရိကန်ရှိ နိုင်ငံတကာကျောင်းသား ထောင်ပေါင်းများစွာ ပညာသင်ဆုများ ရပ်ဆိုင်းခံရသဖြင့် မရေရာမှုများနှင့် ရင်ဆိုင်နေရ

News Image

  • အမေရိကန်ရှိ နိုင်ငံတကာကျောင်းသား ထောင်ပေါင်းများစွာ ပညာသင်ဆုများ ရပ်ဆိုင်းခံရသဖြင့် မရေရာမှုများနှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံခြားရေးဌာနမှ ဖက်ဒရယ်ရန်ပုံငွေများ ရပ်ဆိုင်းခံရခြင်းကြောင့် Fulbright အပါအဝင် ထင်ရှားသော ပညာသင်ဆု အစီအစဉ်များစွာ ရပ်ဆိုင်းခံရပြီးနောက် အမေရိကန်ရှိ နိုင်ငံတကာ ကျောင်းသား ထောင်ပေါင်းများစွာသည် မရေရာမှုများနှင့်ရင်ဆိုင်နေရသည်။

Fulbright အစီအစဉ်ဖြင့် Southern Illinois University Edwardsville တွင် ပညာသင်ကြားနေသော ယူကရိန်းနိုင်ငံသား နိုင်ငံတကာ ကျောင်းသူ Halyna Morozova က ABC News သို့ ပြောကြားရာတွင် သူမသည် တစ်လစာထောက်ပံ့ကြေးအစား တစ်ပတ်စာ ငွေကြေးအထောက်အပံ့ကို သာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတက္ကသိုလ်တွင် ယူကရိန်းဘာသာစကား သင်ကြားပေးနေသော Morozova သည် Institute of International Education (IIE) မှ သူမ၏ လစဉ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇၅၀ မှ ၁၈၇.၅၀ သို့ လျှော့ချ ခံရမည်ဖြစ်ကြောင်း အသိပေးခံရသည်။ သူမသည် သူမ၏ ငွေကြေး အထောက်အပံ့ ဆက်လက်ရရှိမှုနှင့် အမေရိကန်တွင် ဆက်လက်နေထိုင် နိုင်မည့်အခြေအနေနှင့်ပတ်သက်၍ မရေရာမှုများ ရှိနေကြောင်း ပြောကြား ခဲ့သည်။

အလားတူပင် California State University မှ ကျောင်းသူ Frida Larios သည် Gilman ပညာသင်ဆုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေစဉ် သူမ၏ ထောက်ပံ့ငွေများ ရပ်ဆိုင်းခံရကြောင်း သိရှိခဲ့ရသည်။ Larios သည် သူမ၏ ပညာသင်စရိတ်အတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့် ရရှိမည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါတွင် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ ပညာသင်ဆုများနှင့် အစိုးရနှီးနှောဖလှယ်ရေး အစီအစဉ်များကို ထိခိုက်စေမည့် ထောက်ပံ့ငွေများ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကနဦးတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု သတ်မှတ်ထားသော်လည်း ထောက်ပံ့ငွေများ ရပ်ဆိုင်းနေဆဲဖြစ်ပြီး ယင်းကဏ္ဍတွင် မရေရာမှုများ ဆက်လက်ရှိနေသည်။

Fulbright Association က ယင်းရပ်ဆိုင်းမှုသည် နိုင်ငံခြားတွင် ရောက်ရှိနေသော သို့မဟုတ် နှီးနှောဖလှယ်ရေးအစီအစဉ်များအတွက် ပြင်ဆင်နေသော အမေရိကန်နိုင်ငံသား ၁၂,၅၀၀ ကျော်ကို ထိခိုက်စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြားသား ၇,၄၀၀ ခန့်လည်းထိခိုက်မည်ဟု မျှော်မှန်းထားသည်။

“နိုင်ငံခြားရေးဌာန၏ ထောက်ပံ့ငွေအစီအစဉ်များ ရပ်ဆိုင်းခြင်းသည် အမေရိကန်၏စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးပါသော နိုင်ငံတကာပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များ၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည်” ဟု Association of International Educators (NAFSA) က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂