ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီး
၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၅ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် ပင်လောင်းမြို့နယ်၊ ပင်တီးကျေးရွာ၏မြောက်ဘက် ခြောက်ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၂၅ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နံနက် ၇ နာရီ ၅၀ မိနစ်တွင် လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟဲနန်းကျေးရွာ၏အရှေ့မြောက်ဘက် ခြောက်မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခုနစ်ဧကခန့်၊ ဟဲနန်းကျေးရွာ၏အရှေ့ဘက် ခြောက်မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၁၃ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm