ငါးခြောက်များတွင် တာရှည်ခံ ဓာတုဆိုးဆေးများ ပါဝင်နေမှု သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်း သတိပေး
ငါးခြောက်များတွင် တာရှည်ခံ ဓာတုဆိုးဆေးများ ပါဝင်နေသည်ကို သတိထားကြရန် စားသုံးသူကာကွယ်ရေးအသင်းက သတိပေးထားပါသည်။ မြန်မာနိုင်ငံသည် ယင်မနားသည့် ငါးခြောက်များကို ၁၀ နှစ်ကျော်လောက် စားသုံးလာခဲ့ကြပြီး ၎င်း ငါးခြောက်များတွင် ဓာတုပိုးသတ်ဆေးများ ထည့်သွင်းထားကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း ပိုးသတ်ဆေးများသည် စားသုံးသူများအပေါ် အန္တရာယ်ပေးနိုင်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေးများ သုံးစွဲသည် ကို အဓိကတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ “ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီစသည့် ကမ်းရိုးတန်းဒေသများတွင် ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများက ငါးခြောက်ကို မလှန်းခင် ထဲက ထိုပိုးသတ်ဆေးစိမ်ကြကြောင်း" ၎င်းက ဆိုသည်။
အဆိုပါ ယင်မနားဆေးသုံးထားသော ငါးခြောက်များ စားသုံးမိပါက ကင်ဆာရောဂါ အမျိုးမျိုး၊ အာရုံကြောထိခိုက်၊ ကိုယ်တခြမ်းလေဖြတ် စသည့် ဝေဒနာများ ခံစားရနိုင်ကြောင်းသိရသည်။ ယင်မနားဆေးများ သုံးစွဲလာချိန်သည် ၁၀ နှစ်ကျော်လောက် ရှိနေပြီး လက်ရှိကာလရောက်မှ စားသုံးသူများက တိုင်တန်းလာခြင်းကြောင့် စျေးများမှ ငါးခြောက်များကို ယူဆောင်စစ်ဆေးရာမှတစ်ဆင့် ပိုးသတ်ဆေးသုံးထားကြောင်း တွေ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဆေးမတို့ထားသည့် ငါးခြောက်များနှင့် ဆေးတို့ထားသည့် ငါးခြောက်များသည် အမြင်အားဖြင့် ခွဲရခက်သော်လည်း ယင်နားခြင်း၊ ယင်အုံခြင်း မတွေ့ရသည့် ငါးခြောက်များကို မစားကြရန် စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က သတိပေးထားသည်။
ကိုးကား- NP News