တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ် (၄) ဘီလီယံ နီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅) အတွင်း တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄) ဘီလီယံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ NP News ထံ ဖြေကြားချက်အရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဖွဲ့များ ဖွဲ့စည်း၍ ရှောင်တခင် စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ယခုကာလတွင် တရားမဝင်သုံးစွဲမှုများ လျော့နည်းပပျောက်စေရေးအတွက် စီမံချက်များ ထပ်မံရေးဆွဲကာ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် Spot/ Surprise Check အဖွဲ့များဖွဲ့စည်း၍ ထရန်စဖော်မာများ၊ မီတာများမှ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု ရှိ/မရှိ၊ ဓာတ်အားလိုင်းမှ တိုက်ရိုက်ခိုးယူသုံးစွဲခြင်း ရှိ/မရှိ၊ ဆင့်ပွားမီးသွယ်တန်းခြင်း ရှိ/မရှိ၊ အိမ်တွင်းသုံးပါဝါမီတာဖြင့် တရားမဝင်လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ၊ မီတာဖတ်ရှုမှု မှန်ကန်ခြင်းရှိ/မရှိ၊ သုံးစွဲပမာဏနှင့် ပေးသွင်းပမာဏ ကိုက်ညီမှု ရှိ/မရှိတို့အား လစဉ်မြေပြင်ကွင်းဆင်း၍ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက် နေကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် (၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇)မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ “(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇)မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေးငွေကျပ် (၃ ဒသမ ၉၅၉) ဘီလီယံရရှိခဲ့ပါတယ်။ စစ်ဆေးမှုများအရ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု (၅၅၈)မှု ဒဏ်ကြေးငွေကျပ် (၁ ဒသမ ၂၆၈) ဘီလီယံ ရရှိခဲ့ပြီး၊ မန္တလေးတိုင်းတွင် (၂၉၂) မှု ဒဏ်ကြေးငွေကျပ် (၁ ဒသမ ၉၀၂ ) ဘီလီယံနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် (၂၈၇) မှု၊ ဒဏ်ကြေးငွေကျပ် (ဝ ဒသမ ၇၈၈) ဘီလီယံရရှိခဲ့ပါသည်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများအား သုံးစွဲမှုပုံသဏ္ဌာန်အလိုက် စိစစ်ရာတွင် စက်မှုလုပ်ငန်းသုံးမှ တရားမဝင်သုံးစွဲမှု အများဆုံးတွေ့ရှိရကြောင်း သိရသည်။ တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲမှုများအား ဌာနမှ ဝန်ထမ်း ဟောင်းများနှင့် Disloyalty Civil Servant(DSC) များမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကို အများစုတွေ့ရပြီး အမှုဖွင့် အပြစ်ပေး အရေးယူမှုများဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။ ထို့ပြင် သက်ဆိုင်ရာဌာနတွင်းမှ ဝန်ထမ်း များကိုလည်း အပြစ်ပေးအရေးယူမှုများ၊ ဌာနမှထုတ်ပယ်အရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အသိပေးထားသည်။
ကိုးကား-NP News