ဗီတာမင်ကေ ချို့တဲ့ပါက ဦးနှောက်ကျန်းမာရေးပြဿနာများ ပေါ်လာနိုင်
နယူးယောက် ဧပြီ ၂၃
ဗီတာမင်ကေ ခေါ် အဓိက ဗီတာမင်ဓာတ်တစ်မျိုးချို့တဲ့ပါက ဦးနှောက်ကျန်းမာရေး ပြဿနာများပေါ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်များတွင် အဓိကပါဝင်သော ဗီတာမင်ကေသည် အရိုးကျန်းမာရေးကို ထိန်းသိမ်းရာတွင် အရေးကြီးသော ဗီတာမင်ဓာတ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗီတာမင်ကေသည် နှလုံးသွေးကြောများ ကျန်းမာရေးကိုလည်း ကာကွယ်နိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။
သို့ရာတွင် ဗီတာမင်ကေသည် ဦးနှောက်ကျန်းမာရေးအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန်နိုင်ငံ တပ်ဖ်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။
သက်ကြီးပိုင်းများကြား ဗီတာမင်ကေ ချို့တဲ့မှုသည် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ထိခိုက်ပျက်စီးမှုနှင့် ဆက်စပ်မှုရှိနေကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန်သုတေသနပညာရှင်များသည် ဓာတ်ခွဲခန်းကြွက်များနှင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
Source: ရတနာပုံသတင်းစာ