နျူကလီးယားဓာတ်ပေါင်းဖို ၁၉ ခု စီစဉ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အီရန်သည် ဘူရှီးယားနျူကလီးယားစွမ်းအင်စက်ရုံ (NPP) တွင် လည်ပတ်နေသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအပြင် နောက်ထပ် ၁၉ ခုထပ်မံ တပ်ဆင်ရန် စီစဉ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘဘတ်စ် အရာ့ချီက ပြောကြားလိုက်ပါသည်။
“တီဟီရန်သည် ဝါရှင်တန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်သောအခါမှ မဆန့်ကျင်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့၏ စီးပွားရေးက ဖြစ်နိုင်ခြေရှိသော ထရီလီယံဒေါ်လာ တန်ဖိုးရှိသည့် အခွင့်အလမ်းများကို အမေရိကန်လုပ်ငန်းများအတွက် ဖွင့်ပေးထား နိုင်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
အရာ့ချီသည် ဧပြီလ ၂၁ ရက်နေ့တွင် Carnegie အပြည်ပြည်ဆိုင်ရာ နျူကလီးယားမူဝါဒညီလာခံတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသော်လည်း ၎င်း၏ X တွင် တင်ထားသော ပို့စ်တစ်ခုတွင် အစီအစဉ် ပြုလုပ်သူများက ၎င်းကို ပွင့်လင်းမေးခွန်းနှင့် အဖြေအစီအစဉ်အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့ပြီးနောက် ၎င်း၏မိန့်ခွန်းကို ပယ်ဖျက်ခဲ့ ရကြောင်း ရှင်းပြခဲ့သည်။
ရုရှား၏ Rosatom State Nuclear Energy Corporation ၏ CEO အလက်ဇီ လီခါချက်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကုမ္ပဏီသည် အီရန်နိုင်ငံတွင် နောက်ထပ် နျူကလီးယားစွမ်းအင်စက်ရုံတစ်ခု ဖွံ့ဖြိုးတည်ဆောက်ရန် ဆွေးနွေးနေကြောင်း ကြေညာခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃