အကြမ်းဖက်သမားနှစ်ဦးရဲ့ မိသားစုနေအိမ်များကို အိန္ဒိယဖောက်ခွဲ
ပါဟယ်ဂမ်မြို့မှာဖြစ်ပွားတဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်သူများအနက် နှစ်ဦးရဲ့ မိသားစုများနေထိုင်ရာ နေအိမ်များကို အိန္ဒိယစစ်သည်များက ဖောက်ခွဲလိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်သွားတဲ့သူတွေထဲမှာ အိန္ဒိယနိုင်ငံအတွင်းနေထိုင်သူနှစ်ဦး ပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနိုင်ပြီးနောက် သူတို့နှစ်ဦးရဲ့မိသားစုများကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ရဲအရာရှိတစ်ဦးနဲ့ ဖမ်းဆီးစစ်ဆေးခံရသူများရဲ့ ဆွေမျိုးများကပြောပါတယ်။
အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီလ ၂၄ ရက်ညနဲ့ ၂၅ ရက်တစ်ရက်လုံးမှာ အဲဒီနေအိမ်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ်တွေထဲမှာ ဘယ်သူမှမရှိတော့မှသာ အကြမ်းဖက်သမားများရဲ့ မိသားစုနေအိမ်တွေကို တာဝန်ရှိသူတွေက ဖောက်ခွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖောက်ခွဲခံလိုက်ရတဲ့ နေအိမ်များထဲမှာ ပါကစ္စတန်နိုင်ငံကိုသွားပြီး အကြမ်းဖက်သင်တန်းတက်ခဲ့သူ အဒေးဟူစီသိုကာရဲ့ နေအိမ်လည်းပါဝင်ပါတယ်။ အိန္ဒိယတာဝန်ရှိသူများက ပါဟယ်ဂမ်အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတစ်ဦးချင်းကို ဖမ်းဝရမ်းထုတ်ထားကာ သူတို့ကို ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို အကြမ်းဖက်သမား တစ်ဦးစီအတွက် ရူပီးနှစ်သန်းစီ ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: TOI
H.M
Source: https://myawady.net.mm/