မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာနေ ဒေါ်နုရီဝင်း(၃၅)နှစ်သည် ၎င်းနေအိမ်၌ မိသားစုနှင့်အတူ ထမင်းစားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဒေါ်နုရီဝင်းအား ဖမ်းဆီးခေါ်ဆောင်ကာ ကံသစ်ကျေးရွာတောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေစကြိုမြို့နယ်၊ ကြီးကန်ကျေးရွာသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA