မြင်လွှာကြောပါးလွှာမှုပြဿနာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် Dementia ဖြစ်ပွားနိုင်
ဝယ်လင်တန် ဧပြီ ၂၉
အမြင်အာရုံဝေဝါးမှုနှင့် အစက်အပြောက်များ တွေ့မြင်ရမှုသည် ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ငယ်ငယ်ရွယ်ရွယ်နှင့် ဖြစ်ပွားနိုင်ကြောင်း ဧပြီ ၂၈ ရက် သတင်းများအရ သိရသည်။
နယူးဇီလန် သုတေသနပညာရှင်များ၏ အဆိုအရ မျက်လုံး၏ နောက်ဘက်ပိုင်းရှိ အလင်းအာရုံခံတစ်ရှူးလွှာများ ပုံမှန်မဟုတ်ဘဲ ပါးလွှာနေသူများတွင် အသက် ၆၀။ ၅၀ နှင့် ၄၀ ခန့်မှာပင် Dementia ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။
ဆေးပညာလောက၌ မျက်လုံးမြင်လွှာကြော ပါးလွှာမှုပြဿနာအဖြစ်လည်း လူသိများသည့် အထက်ပါအမြင်အာရုံပြဿနာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ အစက်အပြောက်များတွေ့ရခြင်း စသည့် ပြဿနာများ ပေါ်ထွက်လာနိုင်ကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ မြင်လွှာကြောပါးလွှာမှုပြဿနာရှိနေသူများ၌ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် Dememtia ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေတတ်သည်ကိုတွေ့ရကြောင်း နယူးဇီလန် သုတေသနပညာရှင်များက ပြောကြားသည်။
ထို့ပြင် မျက်လုံးအတွင်းရှိ သွေးကြောများပုံမှန်ထက် ကျဉ်းမြောင်းသူ၊ ပုံမှန်ထက်ကျယ်နေသူများတွင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် Dementia ဖြစ်နိုင်ခြေ မြင့်တက်နေကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ