ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ်တစ်ဦး ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရန် လျှို့ဝှက်ညီလာခံတွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာ

News Image

  • ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ်တစ်ဦး ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရန် လျှို့ဝှက်ညီလာခံတွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာ

ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ် Giovanni Angelo Becciu သည် အသစ်ရွေးချယ်တင်မြှောက်မည့် ပုပ်ရဟန်းမင်းကြီးအတွက် လျှို့ဝှက်ကျင်းပသည့် ကွန်ကလိတ် (conclave) အစည်းအဝေးသို့ ပါဝင်မည်မဟုတ်ကြောင်း အင်္ဂါနေ့ (ဧပြီ ၂၈) တွင် ကြေညာခဲ့သည်။

ဗာတီကန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် ကာဒီနယ် Becciu အား ၂၀၂၀ ပြည့်နှစ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) မှ ဗာတီကန်၏ ငွေကြေးဆိုင်ရာ အကျင့်ပျက်ခြစားမှုများတွင် ပတ်သက်နေသည့်အတွက် ကာဒီနယ်၏ “အခွင့်အရေးနှင့် အထူးဂုဏ်ထူးဆောင်ဘွဲ့များ” မှ နုတ်ထွက်ရန် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီးနောက်၊ Becciu သည် ကွန်ကလိတ်တွင် ပါဝင်ပိုင်ခွင့်အတွက် အယူခံဝင်ခဲ့သော်လည်း၊ အင်္ဂါနေ့တွင် ၎င်း၏ တရားဝင်နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

“မိမိသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အလိုတော်ကို အမြဲတစေလိုက်နာခဲ့သလို ကွန်ကလိတ်သို့ မဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ပြီး မိမိ၏အပြစ်မဲ့ကြောင်း ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းထားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗာတီကန်မှ တနင်္လာနေ့ (ဧပြီ ၂၇) က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင် ၁.၄ ဘီလီယံ အတွက် ခေါင်းဆောင်အသစ် ရွေးချယ်ရန် မေလ ၇ ရက်နေ့တွင် ကာဒီနယ်များက ကွန်ကလိတ် စတင် မည်ဟု ဆုံးဖြတ်ခဲ့သည်။

Becciu ၏ ကွန်ကလိတ်မှ နုတ်ထွက်ခြင်းသည် ၎င်းက “မိမိအား ကွန်ကလိတ် မှ တခါးပိတ်မတားဆီးထားပါ” ဟု Sardinian သတင်းစာတစ်စောင်တွင် ပြောကြားပြီး ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည်။

ကာဒီနယ် Becciu သည် ယခင်က ဗာတီကန်နိုင်ငံတော် နိုင်ငံတော်အတွင်းရေးမှူးရုံး၏ “sostituto” (ဒုတိယအတွင်းရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီးထံ တိုက်ရိုက်တင်ပြခွင့်ရှိသည့် အထူး ဩဇာအာဏာရှိသူဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗာတီကန်၏ သူတော်စင် အဖြစ် ကြေညာရေးဌာနကို ဦးဆောင်ခဲ့သည်။

ကာဒီနယ် Giovanni Angelo Becciu အား ၂၀၂၃ ခုနှစ်တွင် ဘဏ္ဍာရေး လိမ်လည်မှုနှင့် အာဏာကို အလွဲသုံးစားပြုမှု (embezzlement and fraud) တို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ဗာတီကန်၏ ရာဇဝတ်တရားရုံးမှ အပြစ်ရှိကြောင်း ချမှတ် ခံရသည့် ပထမဆုံးသော ကာဒီနယ် ဖြစ်လာခဲ့သည်။

သို့သော် အပြစ်မရှိဟု အခိုင်အမာဆိုထားသည့် ကာဒီနယ်သည် အယူခံဝင်ခဲ့ပြီး ယခုအချိန်ထိ ထိုအမှုကို ပြန်လည်သုံးသပ်ဆဲဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ၎င်းအား ဗာတီကန် အတွင်းရှိ တိုက်ခန်းတစ်ခုတွင် ဆက်လက်နေထိုင်ခွင့်ပြုထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂