ကာမလာဟားရစ် ဂျော်ဂျီယာတွင် လူထုစုဝေးပွဲပြုလုပ်ပြီး ထရမ့်ကိုဝေဖန်

News Image

  • ကာမလာဟားရစ် ဂျော်ဂျီယာတွင် လူထုစုဝေးပွဲပြုလုပ်ပြီး ထရမ့်ကိုဝေဖန်

အမေရိကန် ဒုတိယသမ္မတနှင့် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ ကာမလာဟားရစ် သည် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်ဖြစ်သည့် ဂျော်ဂျီယာတွင် လူထုစုဝေးပွဲ ပြုလုပ်ခဲ့ သည်။

၎င်း၏ ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့ပြီး မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို တောင်းဆိုခဲ့သည်။ ဟားရစ်သည် အတ္တလန္တာ၌ သမ္မတ ရွေးကောက်ပွဲမစတင်မီ နှစ်ပတ်အလိုတွင် အောက်တိုဘာ ၁၉ ရက်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရက်တစ်များသည် အနာဂတ်ကိုသာ အာရုံစိုက်ထားပြီး ထရမ့်ကမူ အတိတ်ကိုသာ အာရုံစိုက်နေသည်ဟု ဟားရစ်ကပြောသည်။ ထရမ့်သည် ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ကြောင်း ဟားရစ်က ဆက်ပြောသည်။ ဟားရစ်၏ မိန့်ခွန်းမှာ အလွန်အားကောင်းကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဟားရစ်၏ မိန့်ခွန်း၌ ၎င်းအကြိုက်ဆုံးအချက်မှာ ရှေ့သို့ဆက်သွားရန် လိုအပ်ပြီး စာမျက်နှာသစ်ဖွင့်ရန် လိုအပ်သည့် အချက်ဖြစ်ကြောင်း ပြောသည်။ ၁၉၉၆ ခုနှစ်မှစတင်၍ ဂျော်ဂျီယာပြည်နယ်၌ ရီပတ်ဘလီကင်သမ္မတလောင်းအများစု အနိုင်ရရှိခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို မဲရလဒ်အနည်းငယ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၂၈ နှစ်တာကလအတွင်း ဒီမိုကရက် တို့၏ ပထမဦးဆုံးအောင်ပွဲလည်းဖြစ်သည်။ နောက်ဆုံးကောက်ယူထားသည့် သဘောဆန္ဒ စစ်တမ်းများအရ‌ ဂျော်ဂျီယာပြည်နယ်၌ သမ္မတလောင်းနှစ်ဦးမှာ အကြိတ်အနယ်ပင်ဖြစ်သည်။ ဟားရစ်ကို ထောက်ခံသူ ၄၇ ရာခိုင်နှုန်းရှိပြီး ထရမ့်ကိုထောက်ခံသူ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း