သစ်ကြံပိုးအစားများမှုက ဆေးဝါးတချို့ကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်

News Image

  • သစ်ကြံပိုးအစားများမှုက ဆေးဝါးတချို့ကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်

နယူးယောက်  မေ ၈

သစ်ကြံပိုးအစားများမှုသည် ဆေးဝါးတချို့ကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၇ ရက်တွင် ပြောကြားသည်။

သစ်ကြံပိုးကို အနည်းငယ်မျှ စားပါက ကျန်းမာရေးအရ အကျိုးရှိသော်လည်း အလွန်အကျွံစားသုံးပါက လူ့ကိုယ်ခန္ဓာ၏ ဆေးဝါးများ စုပ်ယူနိုင်စွမ်းအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

သစ်ကြံပိုးတွင် ပါဝင်သည့် Cinnamaldehyde ခေါ် ဓာတုပစ္စည်းတစ်မျိုးသည် ဆေးဝါးတချို့၏ အာနိသင်ကို ထိခိုက်စေနိုင်သော အင်ဇိုင်းများကို စေ့ဆော်ပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သစ်ကြံပိုး အလွန်အကျွံစားသုံးပါက လူ့ခန္ဓာကိုယ်သည် အချို့ဆေးဝါးများကို လျင်မြန်စွာ ရှင်းလင်းပစ်တတ်ရာ ဆေးဝါး၏ အာနိသင်လည်း ကျဆင်းသွားတတ်ကြောင်း သိရသည်။

သို့ရာတွင် သစ်ကြံပိုးအစားများမှုနှင့် လူ့ခန္ဓာ၏ ဆေးဝါးတချို့အပေါ် တုံ့ပြန်ပုံတို့ကြား မည်သို့ ဆက်စပ်နေသည်ကို ဖော်ထုတ်ရန် သုတေသနလုပ်ငန်းများ ဆက်လုပ်ရန်လိုကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ပုံစံ-၂ ဆီးချိုရောဂါလူနာများကြား သစ်ကြံပိုး ဖြည့်စွက်ဆေးစားသုံးမှုမြင့်မားလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ