ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့
ငပုတော မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။
ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကင်းမွန်ပိဿာချိန် ၅၁၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“အခု ကင်းမွန်တွေ အဝင်များပြီး အရင်ကထက် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ မတ်လကထက် ဧပြီလထဲမှာ ရန်ကုန်ဈေးကွက်ကို ကင်းမွန်ပိဿာချိန် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရပေမဲ့ ကင်းမွန်ဈေးကတော့ အရင်အတိုင်းပါပဲ။ ငပုတောမြို့နယ်ကနေထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်” ဟု ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီ က ပြောပြသည်။
အဆိုပါ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသော ကင်းမွန် တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ