အစ္စရေးသံရုံးဝန်ထမ်း ၂ ဦး ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးတွင် ပစ်ခတ် သတ်ဖြတ်ခံရ
ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Kristi Noem က ဗုဒ္ဓဟူးနေ့ (မေ ၂၁) ညနေပိုင်းတွင် ဝါရှင်တန်ဒီစီမြို့ရှိ Capital Jewish Museum အနီးတွင် အစ္စရေးသံရုံးမှ ဝန်ထမ်း ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
“ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးတွင် အစ္စရေးသံရုံးဝန်ထမ်း ၂ ဦး အကြောင်းမဲ့ ပစ်ခတ်ခံခဲ့ရပါသည်။ မိမိတို့အနေဖြင့် ဖြစ်စဉ်အား ပိုမို သိရှိ နိုင်ရန် စုံစမ်းစစ်ဆေးမှုများ အပြင်းအထန် ဆောင်ရွက်လျက်ရှိပါသည်” ဟု Noem က X တွင် ရေးသားခဲ့သည်။
အစ္စရေးသံရုံး ပြောရေးဆိုခွင့်ရှိသူ Tal Naim Cohen က ထုတ်ပြန်ချက် တစ်စောင်တွင် “Capital Jewish Museum တွင် ဂျူးအခမ်းအနားတစ်ခု တက်ရောက်နေစဉ် အစ္စရေးသံရုံးဝန်ထမ်း ၂ ဦးကို အနီးကပ် ပစ်ခတ်ခံခဲ့ ရသည်” ဟု ဖော်ပြခဲ့သည်။
ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့နှင့် FBI တို့သည် အဆိုပါပစ်ခတ်မှုကို စုံစမ်းလျက် ရှိပြီး အစ္စရေးသံရုံးကလည်း လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
“အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ဆက်လက် ခြိမ်းခြောက်မှု မရှိပါ” ဟု FBI ၏ ဝါရှင်တန်စုံစမ်းရေးရုံးက X တွင် ကြေညာခဲ့သည်။
အစ္စရေးသံအမတ်ကြီးသည် အဆိုပါ ဖြစ်စဉ်တွင် မပါဝင်သလို ပစ်ခတ်မှု ဖြစ်ပွားချိန်တွင်လည်း နေရာတွင် မရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူ က CNN သို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က ထုတ်ပြန်ချက်တစ်စောင်တွင် “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်တွင် ကျင်းပသောအခမ်းအနားအပြင်ဘက်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အစ္စရေးသံရုံးဝန်ထမ်းများလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ဤသည်မှာ ရွံမုန်းဖွယ်ရာ ဂျူးဆန့်ကျင်ရေး အကြမ်းဖက်မှုတစ်ခုဖြစ်သည်” ဟု ဖော်ပြ ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သံသယရှိသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- CNN / NHK
ဘာသာပြန်ဆိုသူ- နစက-၂ ၊ နစက- ၄