ကာတာရှိ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့အား အစ္စရေး ကပြန်လည်ခေါ်ယူ

News Image

  • ကာတာရှိ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့အား အစ္စရေး ကပြန်လည်ခေါ်ယူ

အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ဓားစာခံများပြန်လည်လွှတ်ပေးရေးကိစ္စရပ်များအပေါ် ဟားမက် အစ္စလာမ်မစ်အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကာတာနိုင်ငံမှ အစ္စရေး ကိုယ်စားလှယ်အများစုအား ပြန်လည်ခေါ်ယူရန် အစ္စရေးဘက်က ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ “စေ့စပ်ညှိနှိုင်းရေးအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များကို အစ္စရေးသို့ ပြန်လည် ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မည့် ကိုယ်စားလှယ်များသည် ဒိုဟာ၌ ရှိနေမည်ဖြစ်ကြောင်း၊ ကာတာသည် စေ့စပ်ဆွေးနွေးမှု၏ ကြားခံအနေဖြင့်သာရှိမည် ဖြစ်ကြောင်း” အစ္စရေး ဝန်ကြီးချုပ်ရုံးက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဟားမက်တို့က ထာဝရအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေသော်လည်း အစ္စရေးဘက်ကမူ အချိန်အတိုင်းအတာ တစ်ခုအတွင်း၌သာ အပစ်အခတ်ရပ်စဲရန် လိုလားလျက်ရှိသဖြင့် နှစ်ဖက်အဖွဲ့များအကြား မတူညီမှုများကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ရန်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။ 

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ပြီးခဲ့သည့် (၁) ရက်အတွင်း လူပေါင်း (၈၂) ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ ကျန်းမာရေး အာဏာပိုင် များက မေလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား (၉၃) စီးကို ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပေးခဲ့ကြောင်း အစ္စရေးအာဏာပိုင် များက မေလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာဒေသခံများ အသက်ရှင်သန် ရပ်တည်နိုင်ရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော ထရပ်ကား အစီးရေ (၅၀၀) နေ့စဉ်လိုအပ်လျက်ရှိကြောင်း ဂါဇာဒေသအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World