US Senate သည် ဘိုင်ဒင် လက်ထက်တွင် တိုင်းပြည်ကို အမှန်တကယ် မည်သူက ဦးဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးမည်
ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ်မှ ရီပတ်ဘလီကန် အမတ် Ron Johnson က အမေရိကန်ဆီးနိတ်လွှတ်တော် ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေး ဆပ်ကော်မတီကို ဦးဆောင်လျက် ဂျိုးဘိုင်ဒင်၏ ကျန်းမာရေးဆိုင်ရာ ဖုံးကွယ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမည်ဟု ကြေညာလိုက် ပါသည်။
လွန်ခဲ့သည့် သီတင်းပတ်က ဘိုင်ဒင်၏ရုံးမှ ဘိုင်ဒင်တွင် အလွန် ပြင်းထန်သော ဆီးကျိတ်ကင်ဆာရောဂါ ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အချို့က ဝမ်းနည်းကြောင်း ဖော်ပြခဲ့သော်လည်း၊ အချို့သော သုံးသပ်သူများက ဒီမိုကရက်တစ် ပါတီ အသိုင်းအဝိုင်းက အဆိုပါရောဂါရှိမှုကို ကြာမြင့်စွာက သိရှိထားသော်လည်း ပြည်သူများအား တမင်ဖုံးကွယ်ထားခဲ့သည်ဟု ဆိုသည်။
ကြီးကြပ်ရေးမှူး Ron Johnson က လွှတ်တော်ဆပ်ကော်မတီ ရှေ့မှောက်တွင် ဘိုင်ဒင်၏ အုပ်ချုပ်မှုကာလအတွင်း သိမြင်နိုင်စွမ်း ဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရန် ဘိုင်ဒင်၏ အကြံပေး အဖွဲ့ဝင်ဟောင်းများထံ စာများပေးပို့ပြီးဖြစ်ကြောင်း ကြာသပတေးနေ့ (မေ ၂၂) က X တွင် ရေးသားခဲ့သည်။
“ထိုပုဂ္ဂိုလ်များက အမှန်တရားကို နောက်ဆုံးတော့ ပြောပြမည်လား၊ သို့မဟုတ် ၎င်းတို့၏လှည့်ဖြားမှုများကို ဆက်လုပ်နေဦးမှာလား” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
လွှတ်တော်အမတ် Ron Johnson က Axios သို့ ပြောကြားရာတွင် ဘိုင်ဒင်၏ ကျန်းမာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဘိုင်ဒင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိခဲ့သည့် လူပုဂ္ဂိုလ် များကို အဓိကထားမည်ဟု ဖွင့်ဟခဲ့သည်။
ထရမ့်က ယခင်အစိုးရ၏ ဆိုးရွားသောမူဝါဒများကို “ဘိုင်ဒင် အသိဉာဏ် ချို့ယွင်းနေသည်ကိုသိပြီး Autopen ကို အသုံးပြုခဲ့သူများက အကောင်အထည်ဖော်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။
တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဘိုင်ဒင်၏ မတည်ငြိမ်သော လမ်းလျှောက်ပုံ၊ မှတ်ဉာဏ်ချို့ယွင်းမှုများနှင့် အတွေးအခေါ်များကို ရှင်းလင်းစွာဖော်ပြနိုင်မှု အားနည်းချက်များကို ဝေဖန်သူများက အလေးပေး ပြောဆိုခဲ့ကြသည်။ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ထရမ့်နှင့် ကျင်းပခဲ့သော စကားစစ်ထိုးပွဲပြီးနောက် ဒီမိုကရက်တစ်ပါတီအတွင်း၌ အဆိုပါ ပြဿနာများ ပိုမိုထင်ရှားလာကာ ဘိုင်ဒင်အား ရွေးကောက်ပွဲမှ နုတ်ထွက်ရန် တောင်းဆိုသံများ မြင့်တက်လာခဲ့ပြီး နောက်တစ်လတွင် ဘိုင်ဒင်က ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှ နုတ်ထွက်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂