(၄၈) နာရီအတွင်း ယူကရိန်းစစ်တပ်၏ ဒရုန်းအစင်းရေ (၅၀၀) ခန့်ကို ပစ်ချနိုင်ခဲ့ဟု ရုရှားစစ်တပ်ပြော
အမေရိကန်၏ ကြားဝင်စေ့စပ်မှုများကြောင့် ရုရှားနှင့်ယူကရိန်းနိုင်ငံကြား ဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ရာ လွန်ခဲ့သည့် (၄၈) နာရီအတွင်း ယူကရိန်း ဒရုန်းအစင်းရေ (၄၈၅) စင်းကိုပစ်ချနိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က သတင်း ထုတ်ပြန်လိုက် သည်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းစစ်တပ် အသုံးပြုသော ဒရုန်းများကို ရာနှင့်ချီ ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး နယ်စပ်ဒေသဖြစ်သော အိုရယ်လ် ဒေသတွင် ယူကရိန်းဒရုန်းအစင်းရေ (၁၄၀) နီးပါးကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ယူကရိန်းသည် ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့ကိုဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ပြီးခဲ့သောရက်ပိုင်းတွင် မော်စကိုမြို့ကို တိုက်ခိုက်ရန် ဦးတည် လာသော ယူကရိန်းဒရုန်းအစီးရေ အနည်းဆုံး ၄၀ကို ပစ်ချနိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန်ကအတည်ပြုထားသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံစလုံးသည် ဒရုန်းများကို အဓိကထား အသုံးပြုလာခဲ့ကြောင်းသိရသည်။
မော်စကိုမြို့ကိုဦးတည်ပျံသန်းလာသော ယူကရိန်းဒရုန်းများကို ရုရှား ဘက်က ပစ်ချနိုင်ခဲ့သော်လည်း ဒရုန်းအပျက်အစီးများသည် မူကြိုကျောင်း အနီးကျရောက်ခဲ့ခြင်းကြောင့် ကလေးငယ်များထိခိုက်ခဲ့ရပြီး ကလေးငယ် အနည်းဆုံး (၉၀) နီးပါး ဒဏ်ရာရခဲ့ကြောင်းမော်စကိုမြို့ ကလေးငယ်များ ဆိုင်ရာအခွင့်ရေး ကော်မရှင်နာက ပြောသည်။
ယူကရိန်းသည် ရုရှားကို ဒုံးကျည်များ၊ ပဲ့ထိန်းဗုံးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ရုရှား၏လေကြောင်းရန် ကာကွယ်ရေးစနစ်များကြောင့် ယူကရိန်းဘက်မှတိုက်ခိုက်ခြင်းများကို ကြိုတင်သိရှိ ဟန့်တားခြင်းများလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ၃ နှစ်ကြာ ဖြစ်ပွားနေသော စစ်ပွဲကိုအဆုံးသတ်ရန်အတွက်အမေရိကန်အစိုးရက ကြားဝင် ကြိုးပမ်းနေသော်လည်း ထူးခြားသော တိုးတက်မှုများ မရှိသေးကြောင်း သိရသည်။
ကိုးကား- NP News