အီးယူ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့် ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

News Image

  • အီးယူ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့် ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

ဥရောပကုန်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂ(အီးယူ) တာဝန်ရှိသူများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ထက် စီးနင်းပြုမူသော နည်းပရိယာယ်များက အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးဆွေးနွေးမှုများကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

အီးယူအနေဖြင့် ကုန်သွယ်ရေးတွင် အမေရိကန်အပေါ် အမြတ်ထုတ်နေပြီး ယင်းအား ကိုင်တွယ်ဖြေရှင်းရန် အလွန်ခဲယဉ်းနေသည်ဟု ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social ၌ စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် အီးယူအား ၅၀ ရာခိုင်နှုန်း တောက်လျှောက် အခွန်စည်းကြပ်ရန် အကြံပြုမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်၌ စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆွေးနွေးမှုများ ကြန့်ကြာနေစဉ် အမေရိကန် စီးပွားရေးလုပ်ငန်းများကို လမ်းဖွင့်ပေးရန် အမေရိကန် အစိုးရက တစ်ဖက်သတ် လိုက်လျောမှုများကို တောင်းဆိုလျက်ရှိပြီး အီးယူဘက်ကမူ အပြန်အလှန် အကျိုးရှိသော သဘောတူညီချက်တစ်ရပ် ရယူရန် ကြိုးပမ်းနေချိန်တွင် စည်းကြပ်ခွန် ခြိမ်းခြောက်မှုထွက်ပေါ်လာခြင်းဖြစ်သည်ဟု အီးယူ-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးမှုများအကြောင်း သိရှိ ထားသူများ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ဥရောပကော်မရှင်နာ မာရော့စ် ဆက်ဖ်ကိုဗစ်က အီးယူအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကိုကာကွယ်ရန် အသင့်ရှိနေသည်ဟု ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် တုံ့ပြန်ရေးသားခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှုအား အပြန်အလှန် လေးစားမှုဖြင့်သာ ထိန်းကျောင်းပေးရမည်ဖြစ်ပြီး ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ဟု ဆက်ဖ်ကိုဗစ်က အလေး အနက်ပြောကြားလျက် “အီးယူအနေဖြင့် အပြည့်အဝ ချိတ်ဆက်လုပ်ဆောင်နေပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိသည့် သဘောတူညီချက် တစ်ရပ်ရရှိရန် စိတ်ပိုင်းဖြတ်ထားပါသည်။ အီးယူကော်မရှင်အနေဖြင့် သဘောရိုးနှင့် ကြိုးပမ်း လုပ်ဆောင်သွားရန် အသင့်ရှိနေဆဲဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။ 

ကိုးကား -ဆင်ဟွာ