တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧက လျာထားစိုက်ပျိုးမည်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ ၊ မိုး ၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ် မြစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည် ။
တံတားဦးမြို့နယ်တွင် မိုးစပါး(၁၄,၅၇၅)ဧကနှင့် နှံစားပြောင်း(၁၂,၈၉၈)ဧက၊ မိုးပဲမျိုးစုံ(၂၀,၇၃၉)ဧက၊ မိုးဆီထွက် သီးနှံစုံ(၆၅,၂၂၃)ဧက၊ မိုးစားဖိုဆောင်(၅၃၃)ဧက၊ မိုးအခြားသီးနှံဖြစ်သည့် ကျွဲနွားစာအဖြစ် (၄၈,၅၃၈)ဧကနှင့် ပဲမြစ် (၂၁၄၅)ဧက၊ စားသုံးခြင်းမပြုသီးနှံ(၇၈၅)ဧက၊ မိုးဟင်းသီးဟင်းရွက်(၉၉၃)ဧက၊ မိုးဝါမျိုးစုံ(၅၂၂၀)ဧက၊ မိုးကြံ(၈၁)ဧကနှင့် သစ်သီးနှစ်ရှည်ပင်(၆၄၃၉)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှသိရသည် ။
မိုးရာသီရာတွင် သီးနှံမျိုးစုံထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင်ဖြစ်ထွန်းရေး အဆင့်ဆင့် တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်း မျိုးများ၊ အရည်အသွေးကောင်းမျိုးများ၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ် ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)