ပြင်သစ်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတတို့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

News Image

  • ပြင်သစ်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတတို့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယံတို တို့သည် မေလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဂျကာတာမြို့၌ တွေ့ဆုံမည်ဖြစ်ပြီး အရှေ့တောင်အာရှတွင် ပြင်သစ်၏ လက်နက်အများဆုံး ဝယ်ယူသူနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် ကာကွယ်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးကြမည် ဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံသည် မက်ခရွန်၏ ဒေသတွင်းခရီးစဉ်၏ ဒုတိယမြောက် နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးရှိသည့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဂျကာတာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မေလ ၂၉ ရက်တွင် စင်္ကာပူသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာကျ စစ်ဘက်သုံးပစ္စည်းများဖြစ်သည့် တိုက်လေယာဉ်နှင့် ရေငုပ်သင်္ဘောများဝယ်ယူခြင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်မည့် သဘောတူညီချက် စာရွက်စာတမ်းကို လက်မှတ်ရေးထိုးမည်ဟု အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီး Sjafrie Sjamsoeddin က ပြောကြားခဲ့သည်။ 

ပြင်သစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈.၁ ဘီလီယံတန် ဖိုးရှိသည့် ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် ပြင်သစ်ကုမ္ပဏီ Dassault Aviation မှ ထုတ်လုပ်သော Rafale တိုက်လေယာဉ် ၄၂ စီး အပါအဝင် ရေငုပ်သင်္ဘောနှင့် ခဲယမ်းမီးကျောက်ဆိုင်ရာ သဘောတူညီချက်များ ပါဝင်သည်။ 

ကိုးကား- CNA

Photo: The Jakarta Post

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃