အိန္ဒိယက သတင်းမှားများ ဖြန့်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲဆို
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ အကြံပေး အကြီးအကဲ မိုဟာမက် ယူနွတ်က အိန္ဒိယ မီဒီယာများသည် ၎င်း၏အစိုးရနှင့် စစ်တပ်ကြား အကွဲအပြဲနှင့်ပတ်သက်၍ “မှားယွင်းပြီး လှည့်ဖြားသော ဝါဒဖြန့်မှုများ” လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ပါသည်။
မေ ၂၇ က ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုတွင် Yunus က မီဒီယာ ဖော်ပြမှုများကို “လုံးဝ မမှန်ကန်ကြောင်းနှင့် တာဝန်မဲ့မှုများလုပ်နေသည်” ဟု ရေးသားခဲ့သည်။ “၎င်းတို့၏ သတင်းနှင့် ဆောင်းပါးများသည် ဘင်္ဂလားဒေ့ရှ် ၏ အသွင်ကူးပြောင်းရေးခေါင်းဆောင်မှုကို တရားမဝင်ဖြစ်စေရန် ရည်ရွယ်သည့် အိန္ဒိယလက်ယာယိမ်းမီဒီယာများမှ ဖြန့်ဝေနေခြင်းဖြစ်ပြီး မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်” ဟု ၎င်းက ရေးသားခဲ့ပါသည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်ဦးဆောင်သော ကြားဖြတ်အစိုးရသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ရက်သတ္တပတ်များစွာကြာ ပြင်းထန်စွာ ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ဟာဆီနာ ရာထူးမှ နုတ်ထွက်ခဲ့ရပြီး ကြားဖြတ်အစိုးရက ယမန်နှစ် သြဂုတ်လတွင် အာဏာရလာခဲ့သည်။ ထိုအချိန်မှစ၍ ဟာဆီနာက အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်ကာ နေထိုင် ခဲ့ရသည်။
ယူနွတ်သည် အိန္ဒိယမီဒီယာများကို မမှန်မကန်သတင်းဖြန့်ဝေခြင်းများ လုပ်ဆောင်နေသည်ဟု စွပ်စွဲနေချိန်တွင် အိန္ဒိယမီဒီယာများက ၎င်းနှင့် စစ်တပ်ကြားတွင် ကြီးထွားလာသော အကွဲအပြဲများရှိနေကြောင်းနှင့် နိုင်ငံတွင်းနိုင်ငံရေးပါတီများကြား အကွဲအပြဲများကို မီဒီယာများ၏ နိုင်ငံတကာသတင်းများတွင် ကနဦးဖြန့်ဝေခဲ့ပြီး ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေးမှုအပေါ် မကျေမနပ်ဖြစ်နေကြောင်း သတင်းစာများတွင် ဖော်ပြထားပါသည်။
ယူနွတ်က နိုင်ငံကို ပြုပြင်ပြောင်းလဲမှုများကို ဦးစွာလုပ်ဆောင်ရန် လိုအပ် နေခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင်လည်း ရွေးကောက်ပွဲများ ကျင်းပ နိုင်မည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပါသည်။ ကြားဖြတ်အစိုးရနှင့် စစ်တပ်အကြား တင်းမာမှုများသည် လွန်ခဲ့သည့် သီတင်းပတ် က ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။
ဒေးလီးစတား သတင်းဌာန၏ သတင်းများအရ ဗိုလ်ချုပ်ကြီး ဝိတ်ကာ က ဒါကာမြို့ အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် “ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံရေးတည်ငြိမ်မှု လိုအပ်ပြီး ထိုအခြင်းအရာကို ရွေးကောက်ခံ အစိုးရကသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ရွေးကောက်ခံမဟုတ်ဘဲ နိုင်ငံရေး ဆုံးဖြတ်ချက်ချသူများက နိုင်ငံတော်ကိုတည်ငြိမ်အောင် လုပ်ပေးနိုင်မည် မဟုတ်ပါ” ဟု ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲမကျင်းပမီ ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုထားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု လုပ်ဆောင်ရန် ကြားဖြတ်အစိုးရ၏ ကြိုးပမ်းမှုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဆန့်ကျင်ကြောင်း သတင်းရရှိထားပါသည်။
“စင်္ကြံကရှိတော့မည် မဟုတ်ပါ။ ဘင်္ဂလားဒေ့ရှ်၏ အချုပ်အခြာအာဏာကို ညှိနှိုင်း၍ မရပါ” ဟု ဝိတ်ကာ ဆိုပါသည်။ “ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံရေး အစိုးရကသာ ယခုလို ဆုံးဖြတ်ချက်များ ချနိုင်ပါသည်” ဟု ၎င်းက ဆိုပါသည်။ အဆိုပါ စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ် ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နှင့်ပတ်သက်သည့် မှတ်ချက်ပေးသူများ၏ ပြောကြားချက်အရ သိရပါသည်။
ကိုးကား- MNP