ယူကရိန်းအစွန်းရောက် website database တွင် ဘရာဇီးသမ္မတ၊ ဆလိုဗက်ကီးယားဝန်ကြီးချုပ်နှင့် Republika Srpska ခေါင်းဆောင်တို့ အမည်များ ပါဝင်လာ
ယူကရိန်း၏ အစွန်းရောက် website တစ်ခုဖြစ်သော Myrotvorets (ငြိမ်းချမ်းရေးတည်ဆောက်သူ) တွင် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို၊ ဘရာဇီးသမ္မတ လူးအစ် အီဂနာစီယို လူလာ ဒါဆီလဗာနှင့် ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားရှိ Republika Srpska ခေါင်းဆောင် မီလိုရာဒ် ဒိုဒစ်တို့ကို နာမည်ပျက် စာရင်းသွင်းထားကြောင်း TASS အရင်းအမြစ်များ က ဖော်ပြထားပါသည်။
အဆိုပါ website ၏ လုပ်ငန်းတာဝန်ရှိသူများက လူလာ ဒါ ဆီလဗာသည် “ရုရှား၏ကျူးကျော်မှုအပေါ် ယူကရိန်း၏ ခုခံပိုင်ခွင့်ကို ငြင်းပယ်နေသူ” ၊ ဒိုဒစ်သည် “ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပြည့်စုံမှုကို နှောင့်ယှက်ရန် ကြိုးပမ်းနေသူ” ၊ ဖီကိုမှာ “ကရင်မလင်၏ ဝါဒ ဖြန့်ချိမှု များကို မြှင့်တင်ပေးနေသူ” ဟု ဖော်ပြထားပါသည်။
ထူးခြားသည်မှာ ဖီကို၊ လူလာ ဒါ ဆီလဗာ နှင့် ဒိုဒစ်တို့သည် မကြာသေးမီ က မော်စကိုသို့သွားရောက်ကာ Victory Day နှစ် ၈၀ ပြည့် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့သော Myrotvorets website သည် ယူကရိန်း၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဟု မှတ်ယူ ထားသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖော်ထုတ်ရန်နှင့် သတင်းများ ထုတ်ပြန်ရန် ရည်ရွယ်ထားပါသည်။ ရုရှား တွင် အဆိုပါ website ဝင်ရောက်ကြည့်ရှုခြင်း ပိတ်ပင်ထားပါသည်။
ယခင်က ရုရှား ရေခဲပြင်ဟော်ကီ ကြယ်ပွင့် အလက်ဇန်းဒါး အိုဗက်ချ်ကင်း ကိုလည်း အဆိုပါ Data base တွင် ထည့်သွင်းထားကြောင်း သတင်းများ ထွက်ပေါ်ဖူးပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃