မက္ကဆီကိုအလံသည် LA ဆန္ဒပြပွဲများ၏ အဓိက သင်္ကေတ တစ်ခုဖြစ်လာခဲ့

News Image

  • မက္ကဆီကိုအလံသည် LA ဆန္ဒပြပွဲများ၏ အဓိက သင်္ကေတ တစ်ခုဖြစ်လာခဲ့

မက္ကဆီကို၏ အစိမ်း၊ အဖြူနှင့် အနီရောင်အလံသည် လော့စ်အိန်ဂျယ်လိစ် မြို့ရှိ ဆန္ဒပြပွဲများ၏ အထင်ကရသင်္ကေတ ဖြစ်လာခဲ့သည်။

ဆန္ဒပြသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့် သမ္မတ Trump အစိုးရ၏ လူမဆန်စွာ ဖမ်းဆီးမှုများကို ကန့်ကွက်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများနှင့် သံတမန်ရေးအရ စည်းလုံးမှုပြသရန် မက္ကဆီကိုအလံ၊ အမေရိကန်အလံနှင့် အခြားလက်တင်အမေရိကနိုင်ငံများ၏ အလံများကို လွှင့်ထူခဲ့ကြသည်။ ထိုအချက်သည် သမ္မတ၏ ထောက်ခံသူများကို အမျက်ထွက်စေခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်မြို့တွင် ICE အရာရှိများက မြို့၏အထည်ချုပ် ရပ်ကွက်ရှိ လုပ်ငန်းခွင်အချို့ကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဆန္ဒပြမှုများ စတင်ခဲ့သည်။ အစပိုင်းတွင် အေးချမ်းစွာ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် လူအများအပြားဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ သမ္မတ Donald Trump က ထောင်နှင့် ချီသော National Guard တပ်ဖွဲ့ဝင်များနှင့် ရေတပ်သားများကို စေလွှတ်ခဲ့သည့်အတွက် ဒီမိုကရက်တစ်ပါတီဝင် အုပ်ချုပ်ရေးမှူး Gavin Newsom မှ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ၎င်းက California ပြည်နယ်၏ National Guard တပ်ဖွဲ့များ စုစည်းမှုကို “တရားမဝင်သိမ်းပိုက်မှု” အဖြစ် သတ်မှတ်ကာ မရိန်းတပ်သားများ အသုံးပြုမည့်အလားအလာကို “အာဏာအလွဲသုံးစားလုပ်မှု” ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့သည်။

မက္ကဆီကိုအလံသည် ကြာမြင့်စွာကတည်းက လူဝင်မှုဆိုင်ရာ ဆန္ဒပြပွဲများတွင် အဓိကပါဝင်နေသော အထိမ်းအမှတ်ဖြစ်ပြီး၊ အထူးသဖြင့် မက္ကဆီကိုနှင့် ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်နွှယ်မှုများရှိပြီး အမေရိကန် ပြည်ထောင်စုရှိ မက္ကဆီကိုနွယ်ဖွားများ၏ မြို့တော်ဟု သတ်မှတ်ခံရသော လော့စ်အိန်ဂျယ်လိစ် မြို့တွင် ပိုမိုထင်ရှားသည်။ သန်းခေါင်စာရင်းအရ လော့စ်အိန်ဂျယ်လိစ်မြို့တွင် မက္ကဆီကိုနွယ်ဖွား (သို့) မက္ကဆီကို တွင် မွေးဖွားသူ ၃.၄ သန်းကျော် နေထိုင်ပြီး အမေရိကန်ပြည်ထောင်စုရှိ အခြားမြို့ များထက် ပိုမိုများပြားသည်။

သို့သော် အလံများလွှင့်ထူကာ ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်နေသည့် ဆန္ဒပြ သူများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများသည် ရီပတ်ပလီကန်အရာရှိများကို အမျက်ထွက်စေခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂