ဆီးရီးယားအစိုးရက အမျိုးသမီးများအား ကမ်းခြေတွင် လုံခြုံသော ရေကူးဝတ်စုံကို ဝတ်ဆင်ရန် အမိန့်ထုတ်
ဆီးရီးယားနိုင်ငံသည် အမျိုးသမီးများအား အများပြည်သူဆိုင်ရာ ကမ်းခြေများတွင် ဘစ်ကီနီ (သို့) ကိုယ်ခန္ဓာအား အပြည့်အဝ ဖုံးအုပ်ထားသော ရေကူးဝတ်စုံများ ဝတ်ဆင်ရန် စည်းမျဉ်းသစ် ထုတ်ပြန်ခဲ့သည်။ ယခုအမိန့်သည် အစ္စလာမ်မစ်အကြမ်းဖက်သမားများ ဦးဆောင်သော သူပုန်များက ဒီဇင်ဘာလတွင် အာဏာရှင် ဘာရှာ အယ်လ်-အာဆက် အစိုးရကို ဖြုတ်ချပြီးနောက် ယဉ်ကျေးမှုအပြောင်းအလဲ၏ နောက်ဆုံးအဆင့်ဖြစ်သည်။ ခရီးသွားလာရေးဝန်ကြီးဌာနက အဆိုပါစည်းမျဉ်းသစ် များကို ပြည်သူ့အကျိုးစီးပွားလိုအပ်ချက်များအရ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“ပြည်သူ့ကမ်းခြေများနှင့် ရေကူးကန်များသို့ လာရောက်သူများ (ခရီး သွားဖြစ်စေ၊ ဒေသခံဖြစ်စေ) သည် လူမှုအသိုင်းအဝိုင်း၏ ထုံးတမ်းစဉ်လာ နှင့်ကိုက်ညီသော ရေကူးဝတ်စုံများ ဝတ်ဆင်ရန် လိုအပ်ပါသည်” ဟု ခရီးသွားဝန်ကြီး Mazen al-Salhani က Facebook တွင် ထုတ်ပြန် ခဲ့သော အမိန့်တွင် ဖော်ပြထားသည်။
“အများပြည်သူဆိုင်ရာကမ်းခြေနှင့် ရေကူးကန်များတွင် ပို၍လုံခြုံသော ရေကူးဝတ်စုံ (ဘစ်ကီနီ သို့မဟုတ် ခန္ဓာကိုယ်အများစုကို ဖုံးအုပ်ထားသော ဝတ်စုံ) ဝတ်ဆင်ရန် လိုအပ်သည်” ဟု အမိန့်တွင် ဖော်ပြထားပြီး၊ “ကမ်းခြေမှ အခြားနေရာများသို့ သွားလာသည့်အခါ အမျိုးသမီးများအနေဖြင့် ရေကူးဝတ်စုံအပေါ်မှ အပေါ်ထပ်ခြုံလွှာ (သို့) ချောင်ချောင်ချိချိ ဝတ်ရုံများ ဝတ်ဆင်ရန် လိုအပ်သည်” ဟု ဖြည့်စွက်ထားသည်။
အမျိုးသားများအနေဖြင့် အင်္ကျီဝတ်ဆင်ရန် လိုအပ်ပြီး “ရေကူးဧရိယာ၊ ဟိုတယ်လော်ဘီနှင့် အစားအသောက် စားသောက်ရာ နေရာများမှလွဲ၍ အခြားပြည်သူ့နေရာများတွင် အင်္ကျီမပါဘဲ သွားလာခြင်းကို ခွင့်မပြုပါ” ဟု ဖော်ပြထားသည်။
“ကမ်းခြေနှင့် ရေကူးကန်များ၏ အပြင်ဘက်ရှိ အများပြည်သူဆိုင်ရာ နေရာများတွင် ပခုံးနှင့်ဒူးကို ဖုံးအုပ်ထားသော ချောင်ချောင်ချိချိ ဝတ်စုံများ ဝတ်ဆင်ရန်နှင့် ပါးလွှာသော (သို့) အလွန်ကျပ်ထုပ်သော အဝတ်အစား များကို ရှောင်ကြဉ်ရန်” အကြံပြုထားသည်။
အဆိုပါ စည်းကမ်းချက်များကို မလိုက်နာသူများအား မည်ကဲ့သို့ အရေး ယူမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားသော်လည်း ဝန်ကြီးဌာနက “လိုက်နာမှုရှိစေရန် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ကမ်းခြေ ကြီးကြပ် ရေးမှူးများက စောင့်ကြည့်ကြမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂