အီလွန်မက်က ထရမ့်နှင့်ပတ်သက်သည့် ၎င်း၏ ဆိုရှယ်မီဒီယာပို့စ် တချို့ကို နောင်တရမိဟု ဆို
အီလွန်မက်က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပတ်သက်သည့် ၎င်း၏လတ်တလော ဆိုရှယ်မီဒီယာပို့စ်အချို့ကို နောင်တရမိကြောင်း ပြောကြားခဲ့သည်။
“လွန်ခဲ့သည့်သီတင်းပတ်က သမ္မတနှင့်ပတ်သက်သည့် မိမိ၏ ပို့စ်တချို့ ကို နောင်တရမိပါသည်။ ထိုပို့စ်များက ထောက်ပြသင့်သည်ထက် ကျော်လွန်သွားခဲ့ပါသည်” ဟု မက်စ်က X တွင် ရေးသားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က ၎င်းတို့နှစ်ဦး၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အပြန်အလှန်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အတွက် မက်နှင့် ထရမ့်တို့၏ ဆက်ဆံရေး သိသိသာသာ ပျက်ပြားခဲ့သည်။
မကြာသေးမီကာလအထိ မက်သည် ထရမ့်၏ အစိုးရအဖွဲ့တွင် အလွန် နီးကပ်သော မဟာမိတ်ဖြစ်ခဲ့ပြီး အစိုးရ၏ “အစိုးရစွမ်းဆောင်ရည်ဌာန” (Department of Government Efficiency) ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ကာ ဖက်ဒရယ်အလုပ်သမားများအား အစုလိုက် အပြုံလိုက် လျှော့ချမှုများကို ဦးဆောင်ခဲ့သည်။
သို့သော် ထရမ့်၏ အခွန်လျှော့ချမှုနှင့် ပြည်တွင်းမူဝါဒဆိုင်ရာ ဥပဒေကြမ်းအား “ရွံစရာကောင်းသော အကျင့်ပျက်မှု” (Disgusting Abomination) ဟု မက် က ဝေဖန်ခဲ့သည့်အခါတွင် ၎င်းတို့၏ ဆက်ဆံရေး ပျက်ပြားခဲ့သည်။ အဆိုပါဥပဒေကြမ်းသည် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးအပေါ် ဆိုးကျိုးသက်ရောက်မည်ဟု မျှော်မှန်းခဲ့ကြသည်။
တက်စလာ CEO ဖြစ်သူ မက် သည် အမေရိကန်အစိုးရ၏ ငွေကြေးအသုံးစရိတ်နှင့် ဘတ်ဂျက်လိုငွေပြမှုများအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေ ခဲ့သည့် ထရမ့်နှင့် အခြားရီပတ်ပလီကန်ဥပဒေပြုသူများ၏ လွန်ခဲ့သော နှစ်များက မှတ်ချက်များကို မျှဝေခြင်းဖြင့် ဝေဖန်မှုများကို ပိုမို ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။
တက်စလာ (TSLA) ရှယ်ယာဈေးနှုန်းများသည် အီလွန်မက်၏ X တွင် ဝေဖန်မှုများကို ပြန်လည်ရုပ်သိမ်းခြင်းနှင့်အတူ နောက်တစ်နေ့ ဈေးကွက် မတိုင်မီ ကုန်သွယ်မှုတွင် ၂% တက်လာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂