မကွေးတိုင်းဒေသကြီး အတွင်း ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၁၂ သိန်းခန့် စိုက်ပျိုးမည်

News Image

  • မကွေးတိုင်းဒေသကြီး အတွင်း ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၁၂ သိန်းခန့် စိုက်ပျိုးမည်

မကွေး    ဇွန်   ၁၂

မကွေးတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက  ၁၂  သိန်းခန့်  စိုက်ပျိုးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင်  နှမ်းကို အများဆုံးစိုက်ပျိုးကြပြီး မိုးကောင်းသောက်ယာမြေများ၌ အဓိကထား စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမျိုးများနှင့် ဒေသနှင့် ကိုက်ညီသော နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

"မကွေးတိုင်းဒေသကြီးအတွင်း ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ  နှမ်းဧက ၁၂ သိန်းလောက် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် မိုးကောင်းသောက်ယာမြေတွေမှာ စိုက်ပျိုးမှာပါ။ မိုးကောင်းသောက် ဧရိယာဖြစ်ပေမယ့် ရွာသွန်းတဲ့ မိုးရေကို ထိရောက်စွာ  ရယူအသုံးပြုနိုင်ဖို့ အတွက်   နွေရာသီကတည်းက  ထယ်ရေးကို သေချာပြုပြင်ထားပြီး  မြေဆီအစိုဓာတ် ရရှိတာနဲ့ ချက်ချင်းစိုက်ပျိုးနိုင်အောင်  ကြိုတင်ဆောင်ရွက်ထားပါတယ်" ဟု   မကွေးတိုင်းဒေသကြီး    စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်ထွန်း ကပြောသည်။

ထိုသို့နှမ်းစိုက်ပျိုးရာတွင်   စိုက်ဧကအားလုံး  တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးနှင့်   စိုက်ပျိုးရေး နည်းပညာဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ နှမ်း၊   နေကြာအပါအဝင်   အဓိကသီးနှံ ၁၀ မျိုးကို    ဦးစားပေး စိုက်ပျိုးကြပြီး ယခုနှစ်တွင်    စုစုပေါင်း   သီးနှံစုံစိုက်ဧက ၆၅ သိန်းကျော် စိုက်ပျိုးနိုင်ရန်  လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

MWD Web Portal