Mini Pill ပဋိသန္ဓေတားဆေးသုံးစွဲသူများ၌ ဦးနှောက်အကျိတ်ပေါ်ထွက်နိုင်ခြေ ရှိလာနိုင်

News Image

  • Mini Pill ပဋိသန္ဓေတားဆေးသုံးစွဲသူများ၌ ဦးနှောက်အကျိတ်ပေါ်ထွက်နိုင်ခြေ ရှိလာနိုင်

ပဲရစ်   ဇွန် ၁၅

ပဋိသန္ဓေတားဆေး တစ်မျိုးသုံးစွဲနေကြသည့် အမျိုးသမီးများ၌ ဦးနှောက်အတွင်း အကျိတ်ပေါ်ထွက်နိုင်ခြေ ရှိလာနိုင်ဖွယ်ရှိကြောင်း ပြင်သစ်သုတေသနပညာရှင်များက ဇွန် ၁၄ ရက်တွင် ပြောကြားသည်။

ပရိုဂတ်စတာရုန်း (Progesterone) ထည့်သွင်းထားသည့် Mini Pill ခေါ် နေ့စဉ်သောက်ပဋိသန္ဓေတားဆေးများသည် အမျိုးသမီးသန်းပေါင်းများစွာတို့ သုံးစွဲနေကြရသည့် ဆေးများဖြစ်ကြကြောင်း သိရသည်။

သို့ရာတွင် Mini Pill ပဋိပသန္ဓေတားဆေးများကို ငါးနှစ်ကျော်ကြာထိ သုံးစွဲခဲ့သူ အမျိုးသမီးများတွင် Meningioma ခေါ် ဦးနှောက်အကျိတ်ပြဿနာပေါ်ထွက်နိုင်ခြေ မြင့်မားနေတတ်ကြောင်း ပြင်သစ်သုတေသနပညာရှင်များက ပြောကြားသည်။

Meningioma အကျိတ်များကြောင့် ကင်ဆာရောဂါမဖြစ်ပွားနိုင်သော်လည်း အကျိတ်အရွယ်အစားကြီးလာပါက ဦးနှောက်အပေါ် ဖိအားသက်ရောက်လာတတ်ပြီး ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အမြင်အာရုံနှင့် မှတ်ဉာဏ်ပြဿနာများ ပေါ်လာတတ်ကြောင်း သိရသည်။

သို့ရာတွင် Mini Pill များကြောင့် Meninigioma ပြဿနာပေါ်နိုင်ခြေမှာ ရာနှုန်းအားဖြင့် အလွန်နည်းပါးနေဆဲဖြစ်ရာ အမျိုးသမီးများအနေဖြင့် Mini Pill များနှင့်ပတ်သက်၍ စိုးရိမ်ရန်မရှိကြောင်း ပြင်သစ် သုတေသနပညာရှင်များက ပြောကြားသည်။

ပြင်သစ် သုတေသနပညာရှင်များသည် Mini Pill ဆေးသုံးစွဲသူအမျိုးသမီး ၈၀၀၀ ကျော်ကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: The Independent