နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပ
နေပြည်တော် ဇွန် ၁၆
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြန်လည်ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က “ဇမ္ဗူသီရိမြို့နယ်မှာ ဆေးရုံစင်တာအပါအဝင် စာစစ်ဌာနခြောက်ခုဖွင့်လှစ်ပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲမဖြေဆိုခင်မှာ စာဖြေသူအမည်စာရင်း၊ စည်းကမ်းချက်၊ အခန်းလိုက်စာဖြေခန်းတွေမှာ တာဝန်ချထားမှုဇယားနဲ့ အချိန်ဇယားတွေကို စီစဉ်ရပါတယ်။ ဒီစာစစ်ဌာနမှာ အ.ထ.က (၅)၊ အ.ထ.က (၆)၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်။ ဘာသာတွဲအလိုက် STEAMS-1၊ STEAMS-2 နဲ့ STAMS-1 ဆိုပြီး ခွဲထားပါတယ်။ STEAMS-1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေပါဝင်ပြီး ကျောင်းသား ကျောင်းသူ ၂၅၇ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ STEAMS – 2 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာရပ်တွေပါဝင်ပြီး ၉၂ ဦးဖြေဆိုမှာ ဖြစ်ပါတယ်။ STAMS -1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တွေပါဝင်ပြီး ငါးဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၄ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ တစ်ခန်းကို ကျောင်းသား ကျောင်းသူ ၃၀ နှုန်း ဖြေဆိုမှာဖြစ်ပြီး စာဖြေခန်းစုစုပေါင်း ၁၃ ခန်း ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့အခန်းနဲ့ အရန်အခန်းတွေလည်း ထားရှိပါတယ်။ အခုဖြေဆိုမယ့် ဦးရေနဲ့ မတ်လမှာဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူဦးရေ အပြောင်းအလဲရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖြေဆိုနိုင်တာ ဖြစ်ပါတယ်။ အဲဒီကျောင်းသား ကျောင်းသူတွေကို အခြေခံပညာအထက်တန်းအောင်မြင်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာစစ်ဌာနကနေတခြားစာစစ်ဌာနကို ရွှေ့ပြောင်းဖြေဆိုတဲ့ ကျောင်းသားတစ်ဦး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူအားလုံး သာတူညီမျှဖြစ်စေဖို့နဲ့ စစ်မှန်ပြီးအရည်အချင်းရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အခွင့်အရေးကို မဆုံးရှုံးစေချင်လို့ အခုစာမေးပွဲကြီးကို ပြန်လည်ကျင်းပပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လေ့ကျင့်သင်ကြားရေးစခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ များ၊ ကထိကများနှင့် ဆရာ ဆရာမများက ဘာသာရပ်များအလိုက် စနစ်တကျပြန်လည်သင်ကြားပို့ချပေးခဲ့ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်မသင်ကြားနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် Online မှလည်းကောင်း၊ Education Channel များနှင့် ပုဂ္ဂလိကကျောင်းများ၏ Youtube Channel , Telegram တို့တွင် ပညာဒါနအတန်းများ လေ့လာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် Text Book၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံနှင့် သင်ကြားမှုအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ပေးသည့်အပြင် သင်ခန်းစာနှင့်သက်ဆိုင်သည့် အထောက်အကူပြုသင်ခန်းစာစာရွက်စာတမ်းများကိုလည်း ဖြန့်ဝေပေးခဲ့သည်။
အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ဒီစာစစ်ဌာနမှာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၃၃၉ ဦး ရှိပါတယ်။ အခုလိုစာမေးပွဲပြန်လည်ဖြေဆိုတာကတော့ သဘာဝဘေးအန္တရာယ်ကြောင့် အဖြေလွှာတွေပျက်စီးဆုံးရှုံးသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာတော့ အ.ထ.က (၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁) နဲ့ အလွတ်ဖြေတို့ လာရောက်ဖြေဆိုကြတာ ဖြစ်ပါတယ်။ စာဖြေခန်း ၁၂ ခန်း၊ အရန်တစ်ခန်းနဲ့ စုစုပေါင်း ၁၃ ခန်းရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဆေးခန်းတစ်ခန်းလည်းထားရှိပါတယ်။ စာဖြေခန်းတစ်ခန်းမှာ ကျောင်းသား ကျောင်းသူဦးရေ ၃၀ ဖြေဆိုမှာ ဖြစ်ပါတယ်။ STEAMS-1 မှာ ၁၆၂ ဦး၊ STEAMS-2 မှာ ၁၆၉ ဦးနဲ့ STAMS-1 မှာ ၁၄ ဦး ရှိပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကတ်တွေကိုလည်း ဇွန် ၁ ရက်က စတင်ထုတ်ပေးခဲ့ပါတယ်။ ဖြေဆိုချိန်ကတော့ နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီနေ့တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေကိုလည်း လာရောက်ဖြေဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြောကြားသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာနသုံးခု၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၁ ခု၊ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခုနစ်ခု၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခု၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခုတို့၌ ကျောင်းသား ၅၄၀၄ ဦး၊ ကျောင်းသူ ၇၀၀၃ ဦး စုစုပေါင်း ၁၂၄၀၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ဖိုးပြည့်စုံ