ဩစတြီးယားနိုင်ငံ အယ်လ်ပ်ရေခဲတောင်တွင် မိုးကြိုးထိမှန်ကာ တောင်တက်သမားသုံးဦး သေဆုံးခဲ့
ဗီယင်နာ ဇွန် ၁၇
ဩစတြီးယားနိုင်ငံ၏ ဧရိယာအတွင်းရှိ အယ်လ်ပ်ရေခဲတောင်တွင် ဇွန် ၁၆ ရက်က မိုးသက်လေပြင်းကျရောက်ကာ မိုးကြိုးပစ်မှုကြောင့် မိုးကြိုးထိမှန်၍ တောင် တက်သမားသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အယ်ပိုင်းရဲတပ်ဖွဲ့ က အတည်ပြုခဲ့သည်ဟု ယနေ့ သတင်းများတွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ဧရိယာသည် ဖလက်ရှ်ကျေးလက် ဒေသဖြင့်နီးကပ်ကာ သေဆုံးသူ သုံးဦးမှာ မိသားစုဝင်များဖြစ်ကြပြီး အသက် ၆၀ အရွယ် ဇနီးမောင်နှံ နှစ်ဦးနှင့် အမျိုးသမီး၏ အစ်ကို ဖြစ်သူ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ သေဆုံးသူသုံးဦး၏ ရုပ်အလောင်း ကိုလည်း သက်ဆိုင်ရာက လိုအပ် သည်များ စစ်ဆေးပြီးနောက် မိသားစုဝင်များ၏ ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အယ်ပိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
"ဇွန် ၁၆ ရက်က ဖလက်ရှ် ကျေးလက်ဒေသ အနီးမှာရှိတဲ့ အယ်လ်ပ် ရေခဲတောင်တန်းမှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး မိုးကြိုးပစ်ခဲ့တယ်။ တောင်တက် သမားသုံးဦးမိုးကြိုးထိမှန်ပြီးတော့ သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွား ခဲ့တဲ့နေရာကို အယ်ပိုင်းရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးမှုပြုလုပ် ခဲ့ပါတယ်"ဟု အယ်ပိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါအယ်လ်ပ်ရေခဲတောင် သည် တောင်တက်သမားများနှင့် ရေခဲပြင် စကိတ်လျှောစီးသူများ နှစ်စဉ် သွားရောက်သည့် တောင်တန်းဖြစ်ကြောင်း သိရသည်။
Ref: Russia Today
Trs: Sai Sat
Photo -AOL.com