ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဇွန် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်း အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ဆည်မြို့ (ဟန်မြင့်မိုရ်) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ (ဘယ်လင်း) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုနှင့် စာစစ်ဌာနအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာမေးပွဲကာလအတွင်း စာသင်ရပ်နားထားသည့် ကျောင်းသား ကျောင်းသူများ စာသင်ချိန်ပြည့်မီအောင် ပြန်လည်ဖြည့်ဆည်း သင်ကြားပေးရေး၊ စာသင်ဆောင်၊ ကျောင်းဆောင်များ အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယနေ့ကျင်းပသည့် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး သင်္ချာဘာသာရပ်ကို ၃၃၇၆၃ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်းရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၉၂ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်းရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စီမံဆိုင်ရာ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇကျောင်းဆောင်ခန်းမ၌ မန္တလေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်၊ ပုဂ္ဂလိကကျောင်း တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများ၊ International School တည်ထောင်သူ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခွဲ အလက (၁) ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
MOI