G7 အဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး၊ အစ္စရေး-အီရန်ပဋိပက္ခအား ဖြေရှင်းရန် တိုက်တွန်း

News Image

  • G7 အဖွဲ့ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး၊ အစ္စရေး-အီရန်ပဋိပက္ခအား ဖြေရှင်းရန် တိုက်တွန်း

၂ ရက်ကြာကျင်းပခဲ့သည့် G7 အဖွဲ့ ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၇ ရက်တွင် ကနေဒါနိုင်ငံ ကယ်လ်ဂရီမြို့နှင့် ၁၀၀ ကီလိုမီတာခန့် အကွာရှိ ကာနာနာစကစ်ရွာ၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေး တက်ရောက်လာသောခေါင်းဆောင်များက အစ္စရေးနှင့် အီရန် ပဋိပက္ခဖြေရှင်းခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ အရှိန်လျော့လာစေရန် တိုက်တွန်းခဲ့ကြသည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ G7 အဖွဲ့ဝင်ခေါင်းဆောင်များ သည် အရေးကိစ္စအများအပြားနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိကြောင်း ဝန်ခံခဲ့သည်။ သို့သော် ၎င်းတို့သည် အချို့သောအရေးကိစ္စများအတွက် တူညီသောဖြေရှင်းရေးနည်းလမ်း ရှာဖွေ တွေ့ရှိရန် ကြိုးပမ်းနေကြကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းအခြေအနေ၊ ဉာဏ်ရည်တု၊ ကွမ်တန်တွက်ချက်မှု၊ အဓိက သတ္တုထုတ်ကုန်နှင့် တောမီးဘေး စသည့်ကဏ္ဍများနှင့်စပ်လျဉ်းသည့် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့သည်။ ထိပ်သီးအစည်းအဝေးက ဇွန် ၁၆ ရက် ညပိုင်းတွင် အစ္စရေးနှင့် အီရန်ပဋိပက္ခ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေးနှင့် အီရန် ပဋိပက္ခ ဖြေရှင်းခြင်းဖြင့် ဂါဇာကမ်းမြောင်ဒေသအပါအဝင် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေ အရှိန်လျော့လာစေရန် တိုက်တွန်းခဲ့သလို တစ်ချိန်တည်းတွင် G7 အဖွဲ့အနေဖြင့် တစ်ပြေးညီညှိနှိုင်းပြီး စွမ်းအင်ဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခအား ရင်ဆိုင်ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ ထရမ့်သည် တစ်ရက် စော၍ ဇွန် ၁၆ ရက်တွင် G7 ထိပ်သီးအစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်းစကီးပင် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။ ထို့ပြင် ယခုအကြိမ်ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအရေး ကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများစွာ ကျင်းပခဲ့သည့်အပြင် G7 အဖွဲ့ဝင်ခေါင်းဆောင်များကလည်း ဇွန် ၁၆ ရက်တွင် မျက်နှာစုံညီအစည်းအဝေး ကျင်းပခဲ့ကာ ကမ္ဘာ့စီးပွားရေး အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင် ဖိတ်ကြားထားသည့်နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်အတူ စွမ်းအင်လုံခြုံရေး အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုးကား- Xinhua