တရုတ်က နေရောင်ခြည်စွမ်းအင်ကို အများဆုံး အသုံးပြုနိုင်သူအဖြစ် စံချိန်အသစ်တင်
အစိမ်းရောင်စွမ်းအင်ကို ပိုမိုအသုံးပြုလာသော တရုတ်နိုင်ငံသည် ယခုအခါ နေရောင်ခြည်စွမ်းအင်ကို အများဆုံးအသုံးပြုသည့်နိုင်ငံအဖြစ် စံချိန်အသစ်ထပ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မေလအတွင်း တရုတ်နိုင်ငံက ဆိုလာပြားများ တပ်ဆင်ပြီး ရယူအသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပမာဏသည် ၉၃ ဂစ်ဂါဝပ်အထိရှိရာ ထိုပမာဏသည် ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း အခြားနိုင်ငံများတပ်ဆင်အသုံးပြုသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏထက် များပြားကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင် အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ယင်းပမာဏသည် တရုတ်နိုင်ငံကပြီးခဲ့သည့်နှစ် အလားတူကာလအတွင်း ရယူအသုံးပြုခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏထက် ၄ ဆပိုများကြောင်းနှင့် လစဉ်ဆိုလာပြား များတပ်ဆင် ထုတ်လုပ် သုံးစွဲလျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပမာဏတွင် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
ယခုနှစ်၏ ငါးလတာကာလအတွင်း တရုတ်နိုင်ငံက ထုတ်လုပ်အသုံးပြုလျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပမာဏသည် ၁၉၈ ဂစ်ဂါဝပ် အထိရောက်ရှိလာသောကြောင့် တစ်ရက်လျှင် ထုတ်လုပ်အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားပမာဏ ၁ ဂစ်ဂါဝပ်အထိရှိသည် ဟုဆိုနိုင်သည်။
တရုတ်နိုင်ငံအတွင်းရှိ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီများသည် အစိုးရကနောက်ထပ်ချမှတ်လာနိုင်သော ပြည့်ဖြိုးမြဲစွမ်းအင် ဈေးနှုန်းများ ကျဆင်းစေမည့် မူဝါဒပြောင်းလဲမှုများ မတိုင်မီ ယခုကဲ့သို့ဆိုလာပြားများ တပ်ဆင်မှုကို အလျင်စလို လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
MWD Web Portal