Calvin Klein သည် ရုရှားနိုင်ငံတွင် ၎င်း၏ ကုန်အမှတ်တံဆိပ် (Trademark) ကို ပြန်လည်ရယူရန် လျှောက်ထား
အမေရိကန် ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်သော Calvin Klein သည် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက်လာပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့သည့် သုံးနှစ်ကျော်အကြာတွင် ရုရှားနိုင်ငံ၌ ၎င်း၏ ကုန်အမှတ်တံဆိပ်များကို ပြန်လည် မှတ်ပုံတင်ရန် ကြိုးပမ်းလာသည့် နိုင်ငံခြားကုမ္ပဏီများစာရင်းတွင် ပါဝင်လာခဲ့သည်။
ရုရှား မူပိုင်ခွင့်ရုံး (Rospatent) တွင် မှတ်တမ်းတင်ထားသည့် စာရွက် စာတမ်းအရ၊ ကုမ္ပဏီသည် ဇွန် ၁၆ ရက်နေ့တွင် ပစ္စည်းအမျိုးမျိုး (အလှကုန်၊ အဝတ်အစား၊ ဆက်စပ်ပစ္စည်း၊ ပရိဘောဂ၊ ချည်ထည်နှင့် ကြော်ငြာဝန်ဆောင်မှုများအထိ) အတွက် ခွင့်ပြုချက်တောင်းခံခဲ့သည်။
အတည်ပြုခံရပါက Calvin Klein သည် ရေမွှေး၊ ဆပ်ပြာ၊ ချွေးနံ့ ပျောက်ဆေး၊ ခေါင်းလျှော်ရည်၊ နေကာမျက်မှန်၊ ကျောပိုးအိတ်၊ တီရှပ်၊ နာရီများမှသည် ပရိဘောဂနှင့် ကော်ဇောများအထိ ၎င်း၏အမည်ဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ စာအုပ်စင်နှင့် အဝတ်ဘီရိုများလည်း ပါဝင် သည့်အတွက် ဖက်ရှင်လိုင်းမဟုတ်သော ထုတ်ကုန်များကိုပါ ချဲ့ထွင်ရန် ရည်ရွယ်ဟန်ရှိသည်။
အဆိုပါမူပိုင်ခွင့်ကို Calvin Klein နှင့် Tommy Hilfiger တို့၏ ပိုင်ရှင် အမေရိကန်ကုမ္ပဏီ PVH မှ တောင်းဆိုခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်က PVH သည် ပိတ်ဆို့မှုများ၊ ကုန်ပစ္စည်းဖြတ်တောက်မှုများနှင့် လူထုဖိအား များကြောင့် ရုရှားမှ ထွက်ခွာခဲ့သော အနောက်နိုင်ငံ ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်ကာ နိုင်ငံတစ်ဝှမ်းရှိ ဆိုင်ခွဲ ၁၅၀ ကျော်ကို ပိတ်သိမ်းခဲ့သည်။
Calvin Klein သည် ရုရှားတွင် လုပ်ငန်းပြန်လည်စတင်ရန် အစီအစဉ်နှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်း မပြုသေးသော်လည်း၊ လိုင်စင် သဘောတူညီချက်များ သို့မဟုတ် တတိယပါတီမှတစ်ဆင့် ဈေးကွက်ကို ပြန်ဝင်ရောက်လာသည့် နိုင်ငံခြားအမှတ်တံဆိပ်များ၏ လှုပ်ရှားမှုများ နှင့်အတူ အဆိုပါကြိုးပမ်းမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။
Rospatent သည် Calvin Klein ၏ လျှောက်လွှာကို ယခုအချိန်ထိ ဆုံးဖြတ်ချက် မချမှတ်ရသေးပေ။ Calvin Klein သည် McDonald's၊ Hyundai၊ Intel၊ Microsoft၊ LG၊ IKEA၊ Chanel၊ Rolex နှင့် Louis Vuitton အပါအဝင် လက်ရှိတွင် ရုရှား၌ လုပ်ငန်းလည်ပတ်နေသည် ဖြစ်စေ မလည်ပတ်သည်ဖြစ်စေ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်များကို ထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ရယူရန် ကြိုးပမ်းနေသည့် ကမ္ဘာ့ ထိပ်တန်း အမှတ်တံဆိပ်များစာရင်းတွင် ပါဝင်လာခဲ့သည်။
မတ်လတွင် သမ္မတ Putin သည် ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ရန်ရည်ရွယ်၍ ရုရှားသို့ ပြန်လည်ဝင်ရောက်လိုသော အနောက် နိုင်ငံကုမ္ပဏီများအတွက် ပိုမိုရှင်းလင်းသည့် စည်းမျဉ်းများ ရေးဆွဲရန် အစိုးရအား အမိန့်ပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂