ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာ လူနှစ်ဦးပျောက်ဆုံးနေ
ဖနွမ်းပင် ဇွန် ၂၄
ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေဒေသများဖြစ်သည့် ဖရဲသီဟာနု ပြည်နယ်နှင့် ကော့ကုံးပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေမှုကြောင့် ဇွန် ၂၃ ရက်က မြေပြိုကျကာ ဒေသခံနှစ်ဦး ပျောက်ဆုံးနေကြောင်း ကမ္ဘောဒီးယား အာဏာပိုင်အဖွဲ့အစည်းက ထုတ် ပြန်ခဲ့သည်ဟု ယနေ့သတင်းများ တွင် ဖော်ပြထားသည်။
ပျောက်ဆုံးနေသူ နှစ်ဦးအနက် တစ်ဦးမှာ ဖရဲသီဟာနုပြည်နယ် သီဟာနှောင့်ဗီးလ်မြို့မှ အသက် ၅၄ နှစ်အရွယ် ထရိုင်ဖဲလေဆိုသည့်အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးကိုမူ အတည်မပြုနိုင်သေးဘဲ ရဲတပ်ဖွဲ့ဝင်များက ကြိုးစား ရှာဖွေနေဆဲဖြစ်ကြောင်း သီဟာနှောင့်ဗီးမြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ "မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေတဲ့အမျိုးသမီးဟာ စားဖိုမှူး တစ်ယောက်ဖြစ်ပြီး အလုပ်ပြီးလို့ မော်တော်ဆိုင်ကယ်နဲ့ နေအိမ် ကို ပြန်လာရာမှာ ရေလွှမ်းနေတဲ့ လမ်းကို ဖြတ်သန်းမောင်းနှင်စဉ် မြေပြိုကျသွားခဲ့ပြီး ရေစီးနဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကလည်း အမြန်ဆုံးရှာဖွေတွေ့ ရှိနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု သီဟာနှောင့်ဗီးလ်မြို့ အာဏာပိုင် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဒါရာဗူသ်က ပြောကြားခဲ့သည်။
မိုးရေချိန်မြင့်မားစွာ ရွာသွန်းနေဆဲဖြစ်သည့်အတွက် ရေကြီးရေလျှံမှုအခြေအနေမှာ ပိုမိုဆိုးရွား လာနိုင်ကြောင်းလည်း ကမ္ဘောဒီးယား မိုးလေ၀သဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref: Russia Today
Trs: Sai Sat
YDNB Newspaper
Photo : Asian News Network