တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင်လူငယ်စကားဝိုင်းကျင်းပ

News Image

  • တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင်လူငယ်စကားဝိုင်းကျင်းပ

တံတားဦး ၊ ဇွန် - ၂၄

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ဇွန်လ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းက အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်  လူငယ်များ အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန် ၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန် ၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် ၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည် မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -10 မှ ကျောင်းသား မောင်အောင်မျိုးက လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊  Grade -7 မှ ကျောင်းသူ မရွှေစင်ထက်က  လူငယ်နှင့်ဥပဒေခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -10မှ ကျောင်းသား မောင်ကျော်လင်းထွန်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade - 7 ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိ လိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည် ။

ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ကလေး အလုပ်သမား ပပျောက်ရေးအကြောင်းအရာများနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ အရောင်အသွေး စုံလင်စွာဖြင့် ပြသထားသော နံရံကပ် ပိုစတာဘုတ် များကိုလည်းကောင်း သုတ ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း အသီးသီး ပြသထားရာ ဆရာ/မများနှင့် ကျောင်းသား ၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ ကြကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)