နေတိုးထိပ်သီးအစည်းအဝေးတွင် ဒတ်ချ်ဘုရင်မ မက်ဆီမား၏ စိမ်းလန်း တောက်ပသော ဝတ်စုံနှင့် အပြုံးများက ကမ္ဘာ့ခေါင်းဆောင်များအား ဆွဲဆောင်နိုင်ခဲ့

News Image

  • နေတိုးထိပ်သီးအစည်းအဝေးတွင် ဒတ်ချ်ဘုရင်မ မက်ဆီမား၏ စိမ်းလန်း တောက်ပသော ဝတ်စုံနှင့် အပြုံးများက ကမ္ဘာ့ခေါင်းဆောင်များအား ဆွဲဆောင်နိုင်ခဲ့

ဒတ်ချ်ဘုရင် ဝီလီယမ်-အလက်ဇန်းဒါးနှင့် ဘုရင်မ မက်ဆီမားတို့သည် ယနေ့ဟိတ်မြို့တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးသို့ နိုင်ငံ ပေါင်း ၃၂ နိုင်ငံမှ ခေါင်းဆောင်များအား ရိုးရာဓလေ့အရ ကြိုဆိုခဲ့သည်။

NYPost သတင်းစာက ၅၄ နှစ်အရွယ် ဘုရင်မ မက်ဆီမားအား အစိမ်းရောင် ဝတ်စုံနှင့် တောက်ပသော အပြုံးတို့ဖြင့် "ကမ္ဘာ့အစွမ်းထက်ဆုံး ခေါင်းဆောင် အချို့ထက် ပိုမိုထင်ရှားစေခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

အာဂျင်တီးနားနွယ်ဖွား ဒတ်ချ်ဘုရင်မသည် လန်းဆန်းတောက်ပသော ဖက်ရှင်စတိုင်ဖြင့် အမြဲချီးကျူးခံရသူဖြစ်သည်။ နယူးယောက်မြို့တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသော သမီးသုံးဦး၏ မိခင်ဖြစ်သူ အား မီဒီယာများက "ဥရောပ၏ အစွမ်းထက်ဆုံး ဘုရင်မ" အဖြစ် သတ်မှတ်ကြသည်။

၁၉၉၉ ခုနှစ်က စပိန်နိုင်ငံရှိ ပါတီပွဲတစ်ခုတွင် ဘုရင်မ မက်ဆီမားသည် သူမ၏ခင်ပွန်း ဒတ်ချ်ဘုရင် ဝီလီယမ်-အလက်ဇန်းဒါး (ထိုစဉ်က မင်းသား) တို့ ပထမဆုံးတွေ့ဆုံခဲ့သည်။ ထိုအချိန်က မက်ဆီမားသည် နယူးယောက် ရှိ Deutsche Bank တွင် စီးပွားရေးပညာရှင်အဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်ပြီး၊ နှစ်ဦးစလုံး နက်ရှိုင်းစွာ ချစ်ခဲ့ကြကာ ၂၀၀၂ ခုနှစ်တွင် လက်ထပ် ခဲ့ကြသည်။

ဒတ်ချ်ဘုရင်မ ဘီထရစ်က သူမ၏သားကြီးအား မက်ဆီမားနှင့် လက်ထပ် ခွင့်ပြုခဲ့ပြီး သူမအား "ဉာဏ်ရည်ထက်မြတ်၍ ခေတ်မီသော အမျိုးသမီး" အဖြစ် ချီးကျူးခဲ့သည်။ မက်ဆီမားသည် ဒတ်ချ်နိုင်ငံ၏ မင်းသမီးအဖြစ် ရောက်ရှိလာပြီး သူမ၏ ဆွဲဆောင်မှုနှင့် ဉာဏ်ရည်ကြောင့် လူချစ်လူခင် ခံရသူဖြစ်လာခဲ့သည်။ သူမသည် ရွှေ့ပြောင်းနေထိုင်မှုနှင့် LGBTQ+ အခွင့်အရေးကဲ့သို့သော နိုင်ငံရေးအကြောင်းအရာများကိုလည်း ရှောင်ရှားခြင်း မရှိဘဲ ပါဝင်ဆွေးနွေးလေ့ရှိသည်။ ထို့အပြင် သူမသည် ဖက်ရှင် လောက ၏ စံနမူနာတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။

၂၀၁၃ ခုနှစ်တွင် ဘုရင်မ ဘီထရစ် ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် ဝီလီယမ် -အလက်ဇန်းဒါးသည် ဒတ်ချ်ဘုရင်အဖြစ် နန်းတက်ခဲ့သည်။ ဘုရင်နှင့် ဘုရင်မတို့သည် ရိုးရှင်းသော ဘုရင့်မိသားစုဘဝဖြင့် ပြည်သူများ၏ ချစ်ခင်လေးစားမှုကို ရရှိထားသူများဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ၎င်းတို့သည် နန်းတက်ပွဲအခမ်းအနားကို မပြုလုပ်ဘဲ၊ ၎င်းတို့၏ သမီးများဖြစ်သည့် မင်းသမီး ကက်သရီနာ-အမာလီအာ (၂၁ နှစ်)၊ မင်းသမီး အလက်ဆီယာ (၁၉ နှစ်) နှင့် မင်းသမီး အရီယန်း (၁၈ နှစ်) တို့အား သာမန်ကျောင်းများတွင် ပညာသင်ကြားစေခဲ့သည် (သီးသန့် ကျောင်းများအစား)။ မင်းသမီး ကက်သရီနာ-အမာလီအာသည် ယခုအခါ ဒတ်ချ်ထီးနန်း၏ အိမ်ရှေ့စံဖြစ်သည်။

နယ်သာလန်နိုင်ငံတွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသည် အလွန်တိုတောင်းသော အစီအစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်ပြီး ပထမနေ့ တွင် ဘုရင် ဝီလီယမ်-အလက်ဇန်းဒါး၏ ဧည့်ခံပွဲနှင့် ဒုတိယနေ့တွင် အဖွဲ့ဝင် ၃၂ နိုင်ငံမှ ခေါင်းဆောင်များနှင့် နှစ်နာရီခွဲကြာ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

ကျွမ်းကျင်သူများက ယခုနှစ်က အစည်းအဝေးကို အထိခိုက်မခံသော အကြောင်းအရာများကို ရှောင်ရှားကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှစ်သက်စေရန် ကာကွယ်ရေးအသုံးစရိတ်အပေါ် အဓိကထား ဆွေးနွေးမည် ဟု ပြောကြားခဲ့သည်။

မူလစီစဉ်ထားသည့် ကမ်းခြေဟိုတယ် အစား ဒတ်ချ်ဘုရင်က သမ္မတ ထရမ့်အား သည်ဟိတ်မြို့ရှိ ဘုရင့်နန်းတော်တွင် တည်းခိုနေထိုင်ရန် ဖိတ်ကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂