အမေရိကန်နှင့် ဆွစ်ဇာလန်တို့ F-35 တိုက်လေယာဉ်ဈေးနှုန်းအပေါ် အငြင်းပွား

News Image

  • အမေရိကန်နှင့် ဆွစ်ဇာလန်တို့ F-35 တိုက်လေယာဉ်ဈေးနှုန်းအပေါ် အငြင်းပွား

ဆွစ်ဇာလန်နှင့် အမေရိကန်တို့သည် F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၆ စီးဝယ်ယူမည့် စာချုပ်နှင့်ပတ်သက်၍ အငြင်းပွားနေကြပြီး အမေရိကန် ဘက်မှ မိတ်ဖက်နိုင်ငံများအား ဈေးနှုန်းမြင့်တက်မှုအတွက် အပိုငွေ ပေး ချေရန် တောင်းဆိုနေသည်။

ဆွစ်ဇာလန်အစိုးရအရာရှိများက ဇွန်လ ၂၅ ရက်နေ့တွင် ပင်တဂွန် လက်အောက်ရှိ အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (DSCA) မှ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၆ စီးဝယ်ယူရာတွင် ကနဦးစာချုပ်ပါ ဆွစ်ဖရန် ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံခန့်) အပြင် အပိုငွေပေးဆောင်ရန် တောင်းဆို နေကြောင်း ပြောကြားခဲ့သည်။

ဆွစ်ဇာလန်၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ဖက်ဒရယ် ကောင်စီ က “လွန်ခဲ့သော လများအတွင်း စိန်ခေါ်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ DSCA ၏ အမြင်အရ အမေရိကန်တွင် မကြာသေးမီနှစ်များအတွင်း ငွေကြေး ဖောင်းပွမှုမြင့်မားခြင်းနှင့် Covid-19 ကပ်ရောဂါအလွန် ကုန်ကြမ်းနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ဆွစ်ဇာလန်ဘက်မှ အပိုကုန်ကျစရိတ်များ ကျခံရမည်” ဟု ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်ဘက်မှ အေဂျင်စီက DSCA မှ ဖေဖော်ဝါရီလတွင် “သတ်မှတ် ထားသော ဈေးနှုန်းသည် လှည့်ဖြားမှုဖြစ်ပြီး အပိုကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော် ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီက “သတ်မှတ် ထားသော ကုန်ကျစရိတ်အတိုင်းသာ လိုက်နာမည်” ဟု ခိုင်မာစွာ ပြောကြားကာ ထိုပမာဏသည် စာချုပ်တွင် သဘောတူညီထားပြီး အမေရိကန် သံရုံး မှလည်း အများသိအောင် အတည်ပြုထားကြောင်း ထပ်လောင်း အလေးပေး ပြောဆိုခဲ့သည်။

ဆွစ်ဇာလန်၏ လက်နက်ဝယ်ယူရေး အေဂျင်စီအကြီးအကဲ အူရ်စ် လိုဟာ (Urs Loher) က အမေရိကန်၏ အခွန်မူဝါဒ၊ ဖြစ်နိုင်ခြေရှိသော ငွေကြေး ဖောင်းပွမှုအခြေအနေနှင့် ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတို့၏ သက်ရောက်မှု ပေါ်မူတည်၍ DSCA ၏ ပြင်ဆင်ချက်များကြောင့် ဆွစ်ဇာလန်အနေဖြင့် ဒေါ်လာ ၆၅၀ သန်းမှ ၁.၃ ဘီလီယံ အထိ အပိုကုန်ကျနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆွစ်ဇာလန်အရာရှိများက အဆိုပါစာချုပ်ဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းရန် သံတမန်နည်းလမ်းဖြင့် အဖြေရှာရမည်ဟု ဆိုသည်။ဆွစ်ဇာလန် ကာကွယ်ရေးဝန်ကြီးဌာနအား အငြင်းပွားမှုဖြေရှင်းရန် အဆိုပြုချက် တစ်ရပ် ပြုစုရန် တာဝန်ပေးထားသည်။

ဆွစ်ဇာလန်အစိုးရက “စာချုပ်ဖျက်သိမ်းပါက ကြီးမားသော အကျိုးဆက်များ ရှိလာမည်။ F/A-18 တိုက်လေယာဉ်များ ဝန်ဆောင်မှုသက်တမ်း ကုန်ဆုံးလာသည့်အတွက် ၂၀၃၂ မှစ၍ ဆွစ်ဇာလန်၏ လေကြောင်း နယ်နိမိတ်နှင့် နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံနိုင်တော့မည် မဟုတ်” ဟု ထုတ်ပြန်ခဲ့သည်။

ဆွစ်ဇာလန်သည် F-35A တိုက်လေယာဉ် ၃၆ စီး ကို ၂၀၂၂ ခုနှစ်တွင် အမေရိကန်ထံမှ မှာယူခဲ့ပြီး၊ ပထမဆုံးအသုတ်အား ၂၀၂၇ နှစ်တွင် လွှဲပြောင်းရရှိမည်ဖြစ်ကာ ၎င်းတို့၏ အိုဟောင်းနေပြီဖြစ်သော F/A-18Cတိုက်လေယာဉ်များနေရာတွင် အစားထိုးမည်ဖြစ်သည်။ စာချုပ်ချုပ် ဆိုစဉ်က ဆွစ်ဖရန် ၆ ဘီလီယံ (ဒေါ်လာ ၆.၂ ဘီလီယံ) တန်ဖိုးရှိခဲ့သည်။

ဆွစ်ဇာလန်နှင့် အမေရိကန်တို့အကြား အဆိုပါအငြင်းပွားမှုသည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်နှင့် ဘဏ္ဍာရေးအပေါ် ကြီးမားသောသက်ရောက်မှု ရှိနိုင်သည့်အတွက် နှစ်နိုင်ငံအကြား ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။

ကိုးကား- VN Espress

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂