အိမ်ဖြူတော်က လျှို့ဝှက်အဆင့် သတ်မှတ်ထားသော အချက်အလက်များကို ကွန်ဂရက်နှင့် မျှဝေခြင်းကို ကန့်သတ်သွားမည်

News Image

  • အိမ်ဖြူတော်က လျှို့ဝှက်အဆင့် သတ်မှတ်ထားသော အချက်အလက်များကို ကွန်ဂရက်နှင့် မျှဝေခြင်းကို ကန့်သတ်သွားမည်

ထရမ့်အစိုးရသည် အရပ်ဘက်သတင်းထောက်လှမ်းရေး အရင်းအမြစ် များက အီရန်နျူကလီးယားစက်ရုံများ ထိခိုက်မှုနှင့်ပတ်သက်သည့် အဆင့်မြင့် လျှို့ဝှက်အချက်အလက်များကိုဖော်ပြခဲ့ပြီးနောက် ကွန်ဂရက် နှင့် လုံခြုံမှုအဆင့်အတန်းသတ်မှတ်ထားသော အချက်အလက် မျှဝေမှု ကို ကန့်သတ်သွားမည်ဖြစ်သည်။ 

အိမ်ဖြူတော်အရာရှိများက ဇွန်လ ၂၅ ရက်နေ့တွင် ထရမ့်အစိုးရသည် ကွန်ဂရက်နှင့်မျှဝေသည့် လျှို့ဝှက်အဆင့်သတ်မှတ်ထားသော အချက် အလက်များကို ကန့်သတ်ရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်မီဒီယာများက အမည်မဖော်လိုသော အရင်းအမြစ်များကို ကိုးကား၍ လေတပ်တိုက်ခိုက်မှုခံရပြီးနောက် အီရန်၏နျူကလီးယားစက်ရုံများထိခိုက်မှုဆိုင်ရာ ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီ (DIA) ၏ လျှို့ဝှက်အစီရင်ခံစာကို ဖော်ပြခဲ့ပြီးနောက် ချမှတ် ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကလည်း ယင်းနေ့တွင်ပင် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုကို ပင်တဂွန်က စုံစမ်း စစ်ဆေးနေကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ဟက်ဆက်က မီဒီယာ မှဖော်ပြသောသတင်းအချက်အလက်များသည် “ကနဦးအဆင့်သာရှိသေး၍ ယုံကြည်စိတ်ချရမှုမရှိသေးကြောင်း” ဝေဖန် ပြောဆိုခဲ့သည်။

ထရမ့်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်သည် အထူးသဖြင့် ဒီမိုကရက်တစ် ပါတီဝင်များအပါအဝင် ဥပဒေပြုသူများ၏ ကန့်ကွက်မှုကို ရင်ဆိုင် နေရသည်။ ဒီမိုကရက်တစ်ပါတီဝင် ကွန်ဂရက်လွှတ်တော်အမတ် ဂျင်မ် ဟိုင်းမက်စ်က လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုသည် “လက်သင့် မခံနိုင်ဖွယ်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုလိုအပ်ကြောင်း” ပြောကြားခဲ့သော်လည်း အစိုးရအနေဖြင့် ပေါက်ကြားမှုနှင့်ပတ်သက်၍ အခြေအမြစ်မရှိဘဲ မှန်းဆချက်များ မပြုလုပ်သင့်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဥပဒေအရ ကွန်ဂရက်ထောက်လှမ်းရေးကော်မတီများကို အပြည့်အဝ အသိပေးရန် လိုအပ်ပါသည်။ ထောက်လှမ်းရေးအသိုင်းအဝိုင်းအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မည်ဟု မိမိမျှော်လင့်ပါသည်” ဟု မစ္စတာဟိုင်းမက်စ်က ပြောကြားခဲ့သည်။

CNN က ယခင်က CIA ၏ လျှို့ဝှက်အစီရင်ခံစာမှ အချက်အလက်များကို ကိုးကားဖော်ပြခဲ့ပြီး အမေရိကန်၏ တိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယားအစီအစဉ်ကို အပြီးတိုင်ဖျက်ဆီးနိုင်မည်မဟုတ်ဘဲ “လအနည်းငယ်သာ” နောက်ဆုတ်သွားစေမည်ဟု အကဲဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။

အဆိုပါအချက်သည် ထရမ့်အစိုးရ၏ အီရန်၏နျူကလီးယားအစီအစဉ်ကို “ဆယ်စုနှစ်များစွာ” နောက်ပြန်ဆုတ်သွားစေခဲ့သည်ဟူသော အခိုင်အမာ ပြောဆိုချက်နှင့် ဆန့်ကျင်နေသည်။ ထရမ့်က အဆိုပါ သတင်းကို ဖော်ပြ ခဲ့သည့် CNN သတင်းထောက်အား အလုပ်မှထုတ်ပယ်ရန် တောင်းဆို ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ပူးပေါင်းညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ဒန်ကိန်းနှင့် CIA ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖို့တို့သည် ဇွန်လ ၂၆ ရက်နေ့တွင် အီရန် နှင့် ပတ်သက်သည့် အချက်အလက်များကို ဆီးနိတ်လွှတ်တော်သို့ အသိပေး ဆွေးနွေးမည်ဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂