ထိုင်းနိုင်ငံသည် ဆေးခြောက်သုံးစွဲမှုဆိုင်ရာ မူဝါဒအသစ် ထုတ်ပြန်

News Image

  • ထိုင်းနိုင်ငံသည် ဆေးခြောက်သုံးစွဲမှုဆိုင်ရာ မူဝါဒအသစ် ထုတ်ပြန်

ထိုင်းအစိုးရသည် ဆေးခြောက်ကို ဥပဒေနှင့်အညီ သုံးစွဲခွင့် ပြုထားခဲ့ပြီး သုံးနှစ်ကြာပြီးနောက် အပန်းဖြေရန် ရည်ရွယ်ချက်များအတွက် အသုံးပြုမှု ကို တားမြစ်ရန်ရည်ရွယ်သည့် စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီက ဇွန် ၂၅ ရက်တွင် ကျန်းမာရေးဝန်ကြီး Somsak Thepsuthin မှ လက်မှတ်ရေးထိုးထားသော ဆေးဘက်ဆိုင်ရာ ဆေးခြောက်အသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန်အမိန့်ကို အကောင်အထည်ဖော်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်ပင် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။

Somsak ၏ အမိန့်အရ အပန်းဖြေရန်ရည်ရွယ်ချက်များအတွက် ဆေးခြောက် ရောင်းချမှုကို တားမြစ်ထားပြီး ဆေးခြောက်အားလုံးကို ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ရောင်းချရမည်ဖြစ်သည်။

အဆိုပါ စည်းမျဉ်းသည် Royal Gazette (အစိုးရဂျာနယ်) တွင် ထုတ်ပြန် ပြီးနောက် အာဏာသက်ရောက်မည်ဖြစ်ကာ လာမည့်ရက် အနည်းငယ် အတွင်း ထုတ်ပြန်မည်ဟု မျှော်မှန်းရသည်။ “ဆေးခြောက်ကို နောင်တွင် မူးယစ်ဆေးဝါးအဖြစ် ပြန်လည်သတ်မှတ်မည်” ဟု ဝန်ကြီး Somsak က ပြောကြားခဲ့သည်။

ဤသည်မှာ ထိုင်းနိုင်ငံ၏ အရေးပါသော မူဝါဒပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်က အပန်းဖြေရန် ရည်ရွယ်ချက်များအတွက် ဆေးခြောက် သုံးစွဲမှုကို တရားဝင်ခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ထိုအချိန်မှစ၍ ဆေးခြောက်ဆိုင်ပေါင်း သောင်းချီကာ ထိုင်းနိုင်ငံတစ်ဝှမ်း ပေါ်ထွက်လာခဲ့ပြီး အများစုမှာ ခရီးသွားဧရိယာများတွင် တည်ရှိသည်။ ထိုင်းကုန်သည်ကြီးများအသင်းက ဆေးဝါးထုတ်ကုန်များအပါအဝင်ဆေးခြောက်လုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် တန်ဖိုး ၁.၂ ဘီလီယံ ဒေါ်လာ ရှိလာမည်ဟု ခန့်မှန်းထားသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ဆေးခြောက်ကို ထိန်းချုပ်မှုမရှိဘဲ အသုံးပြုမှုများသည် အထူးသဖြင့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ကြီးမားသော လူမှုရေးပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

“အဆိုပါမူဝါဒသည် ဆေးဘက်ဆိုင်ရာအသုံးပြုရန် ဆေးခြောက်ကိုထိန်းချုပ်ရန်ဆိုသည့် ၎င်း၏မူလရည်ရွယ်ချက်ဆီသို့ ပြန်လည်ရောက်ရှိရန် ပုံဖော်ရမည်" ဟု Jirayu က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းအစိုးရ၏ အဆိုပါ လုပ်ဆောင်မှုအသစ်သည် နယ်စပ်ပြဿနာများ နှင့်ပတ်သက်၍ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာနှင့် ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်တို့၏ ဖုန်းစကားပြောဆိုမှု လျှို့ဝှက်ချက် ဖော်ထုတ်ခံရပြီးနောက် ဆေးခြောက်သုံးစွဲမှုကိုထောက်ခံသော ဘွန်းဂျိုင် တိုင်ပါတီသည် အုပ်ချုပ်ရေးညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ခဲ့သည့်ဖြစ်စဉ် အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံ၏ ဆေးခြောက်လုပ်ငန်းတွင် လုပ်ကိုင်နေသူများအား အံ့အားသင့်စေခဲ့ကြောင်း”ဘန်ကောက်မြို့ရှိ Green House Thailand တွင် အလုပ်လုပ်ကိုင်နေသော Punnathat Phutthisawong က ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂