EU သည် ရုရှားနှင့် ဆွေးနွေးပြောဆိုရန် ပြင်ဆင်ထားရမည်ဟု Macron ဆို
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က EU အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ ခုနှစ်က ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ဖြတ်တောက် ခဲ့သော မော်စကိုနှင့် ဆက်သွယ်ရေး ပြန်လည်စတင်ရန် စဉ်းစားသင့်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
မက်ခရွန်၏ အဆိုအရ NATO အတွင်း စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် အပြည့်အဝ ကတိပြုထားသော်လည်း ဥရောပအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အဆုံးမဲ့ လက်နက်တပ်ဆင်ရန် မလိုလားဘဲ အနာဂတ်တွင် မော်စကိုနှင့် လုံခြုံရေးဆိုင်ရာ မူဘောင်သစ်တစ်ခုကို ညှိနှိုင်းသင့်ကြောင်း ဖော်ပြ ခဲ့သည်။
“မိမိတို့အနေဖြင့် အဆုံးမဲ့ စစ်ရေးအရှိန်မြှင့်တင်မှုဘက်သို့ သွားမည် မဟုတ်ပါ၊ လက်နက်ပိုမိုတပ်ဆင်ရန် မလိုအပ်ပါ။ သို့သော် ယခုအချိန်တွင် မိမိတို့၏ လက်နက်တပ်ဆင်မှုအဆင့်နှင့် ရုရှား၏ အဆင့်ကြား ကွာဟမှု ရှိနေပြီး ၎င်းက ခြိမ်းခြောက်မှုတစ်ခုဖြစ်စေသောကြောင့် လက်နက် တပ်ဆင်ရန် လိုအပ်ပါသည်” ဟု မက်ခရွန်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ပြောကြားခဲ့သည်။
“တစ်ချိန်တည်းမှာပင် မိမိတို့သည် အနာဂတ်တွင် နေထိုင်လိုသောလုံခြုံရေးမူဘောင်ကို စဉ်းစားရန် လိုအပ်ပါသည်။ ထို့ကြောင့် ပင်လယ်နက် မှ အာတိတ်ဒေသအထိ နယ်မြေများတွင် လုံခြုံရေးဖွဲ့စည်းပုံကို ပြန်လည် စဉ်းစားရန် လိုအပ်ပါသည်။ မိမိတို့သည် မိမိကိုယ်ကို ကာကွယ်ရန် မည်မျှထိ လုပ်ဆောင်လိုသည်နှင့် စစ်ရေးစွမ်းရည်များကို ကန့်သတ်ရန် နှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် ရုရှားနှင့် ဆွေးနွေးမှု၏ အခြေအနေ များကို သတ်မှတ်ရန် လိုအပ်ပါသည်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
မက်ခရွန်က EU အဖွဲ့ဝင်နိုင်ငံများအား ယူကရိန်းငြိမ်းချမ်းရေး သဘော တူညီချက်၏ အစိတ်အပိုင်းအဖြစ် ဥရောပလုံခြုံရေးကို ဆွေးနွေးနိုင်ရန် အတွက် ယခုချက်ချင်းပင် ရုရှားနှင့် ပြန်လည်ဆက်သွယ်နိုင်ရေး စဉ်းစားရန် အကြံပြုခဲ့သည်။
သည်ဟိတ်မြို့တွင် ကျင်းပသော NATO အစည်းအဝေးတွင် မက်ခရွန်က အဆိုပါကြေညာချက်များကို ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများသည် “ရုရှား၏ ဥရောပ-အတ္တလန္တိတ် လုံခြုံရေးဆိုင်ရာ ရေရှည်ခြိမ်းခြောက်မှု” ကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၃၅ ခုနှစ်အရောက်တွင် ၎င်းတို့၏ GDP ၏ ၅% ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် နှစ်စဉ်သုံးစွဲရန် ကတိပြုခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပ NATO အဖွဲ့ဝင်များအား ၎င်းတို့၏ လုံခြုံရေးအတွက် ပိုမိုတာဝန်ယူရန်နှင့် ကာကွယ်ရေး အသုံး စရိတ်များ တိုးမြှင့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ သတင်းထောက် တစ်ဦးက “တစ်ဦးတည်း၏ စိတ်ကူးယဉ်ဆန္ဒ” ဟု ခေါ်ဝေါ်သော အဆိုပါ အသုံးစရိတ်မြှင့်တင်မှုနှင့်ပတ်သက်၍ မက်ခရွန်က ၎င်းသည် ဝါရှင်တန် ၏ ဆန္ဒသာမက စစ်ရေးအရ ပိုမိုလွတ်လပ်လိုသော “ဥရောပ၏ လိုအပ်ချက်” လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မော်စကိုက NATO အဖွဲ့ဝင်မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း အလေးအနက်ထားပြောကြားခဲ့ပြီး ယင်းအဆိုများကို “အဓိပ္ပာယ် မရှိသော” စကားများအဖြစ်နှင့် အနောက်တိုင်းအရာရှိများ ကာကွယ်ရေး အသုံးစရိတ်များတိုးမြှင့်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုသည့် ခြိမ်းခြောက်မှုနည်းဗျူဟာများအဖြစ် ပယ်ချခဲ့သည်။ NATO အစည်းအဝေး တွင် ရုရှားခြိမ်းခြောက်မှုဆိုင်ရာ NATO ၏ သတိပေးချက်များ၏ အခြေခံ ကို ဖော်ပြရန် တောင်းဆိုခံရသော အထွေထွေအတွင်းရေးမှူး မာ့ခ်ရတ် သည် သီးသန့်ထောက်လှမ်းရေးအကဲဖြတ်ချက်များကို မပြောဘဲ ယေဘုယျ ကြောက်ရွံ့မှုများကိုသာ ညွှန်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂