ASEAN Cup ပြိုင်ပွဲလက်ခံကျင်းပမည့်ကွင်းများ အတည်ပြုထုတ်ပြန်
ရန်ကုန် နိုဝင်ဘာ ၂၆
အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၄ ASEAN Cup ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများလက်ခံကျင်းပမည့် ကွင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။
ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိကျင်းပမည်ဖြစ်ပြီး ငါးသင်းနှစ်အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် လက်ရှိချန်ပီယံ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအိုအသင်းတို့ပါဝင်နေသည်။ ပြိုင်ပွဲဝင်အသင်းများအနက် တီမောအသင်းသာ အိမ်ကွင်းပွဲများကို ဗီယက်နမ်နိုင်ငံရှိ Hang Day ကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး ကျန်ကိုးသင်းမှာမူ မိမိနိုင်ငံတွင်သာ လက်ခံကစားမည်ဖြစ်သည်။ အုပ်စု (A) တွင်ပါဝင်သည့်အသင်းများအနက် ထိုင်းအသင်းက ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၊ မလေးရှားအသင်းက ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီကွင်း၊ စင်ကာပူအသင်းက အမျိုးသားအားကစားကွင်း၊ ကမ္ဘောဒီးယားအသင်းက ဖနောင်ပင်မြို့ရှိ အိုလံပစ်အားကစားကွင်း၊ တီမောအသင်းက ဗီယက်နမ်နိုင်ငံရှိ Hang Day ကွင်း၊ အုပ်စု (B) တွင် ပါဝင်သည့် အသင်းများအနက် ဗီယက်နမ်အသင်းက ဖူသိုမြို့ရှိ Viet Tri ကွင်း၊ အင်ဒိုနီးရှားအသင်းက ဂျကာတာမြို့ရှိ ဘွန်ကာနိုကွင်း၊ ဖိလစ်ပိုင်အသင်းက မနီလာမြို့ရှိ ရီဇယ်လ်မန်မိုရီရယ်ကွင်း၊ မြန်မာအသင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ လာအိုအသင်းက ဗီယန်ကျင်းမြို့ရှိ အမျိုးသားအားကစားကွင်းတို့တွင် လက်ခံကစားမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများအနက် အင်ဒိုနီးရှား၊ လာအိုတို့နှင့်ပွဲများကို အိမ်ကွင်းလက်ခံကစားရမည်ဖြစ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နှင့်ပွဲများကို အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။
ကိုညီလေး
Source- ကြေးမုံသတင်းစာ