အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထောင်တစ်ခုတွင် လူ ၇၀ ကျော်သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဆို
အီရန်တရားစီရင်ရေးဌာနနှင့်သက်ဆိုင်သော Mizan သတင်းဌာန၏ ထုတ်ပြန်ချက်အရ တနင်္လာနေ့ (ဇွန် ၂၃) က အီရန်မြို့တော် တီဟီရန်ရှိ အီဗင်အကျဉ်းထောင်ကို အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် လူ ၇၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
တရားစီရင်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Asghar Jahangir က တနင်္ဂနွေနေ့ (ဇွန် ၂၉) ထုတ်ပြန်ချက်၌ “သေဆုံးသူများတွင် အကျဉ်းထောင် ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်နေသည့် စစ်သားများ၊ အကျဉ်းသားများ၊ အကျဉ်းသားမိသားစုဝင်များ (သွားရောက်တွေ့ဆုံသူများ သို့မဟုတ် တရားရေးကိစ္စများအတွက်) နှင့် အကျဉ်းထောင်အနီးနေထိုင်သူများ ပါဝင်သည်” ဟု ဖော်ပြခဲ့သည်။
အစိုးရနှင့်ဆက်စပ်သော Fars သတင်းဌာနက အနီးအနားတွင် “ပျက်စီးမှု များစွာ ရှိခဲ့ကြောင်း” ဖော်ပြခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးနှင့် အီရန်နိုင်ငံပိုင် သတင်းများအရ အစ္စရေး တပ်ဖွဲ့များက အီရန်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော အီဗင် အကျဉ်းထောင်၏ ဝင်ပေါက်ကို တနင်္လာနေ့ (ဇွန် ၂၃) က တိုက်ခိုက်ခဲ့သည်။
အစိုးရဝေဖန်သူများ၏ အဆိုအရ အီဗင်အကျဉ်းထောင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ကျော်ကြားပြီး ၎င်းအကျဉ်းထောင်တွင် နိုင်ငံရေးလှုပ်ရှားသူများ၊ သတင်းသမားများနှင့် ဂီတပညာရှင်များလည်း ချုပ်နှောင်ခံထားရဖူးသည်။
အစ္စရေးက အဆိုပါအကျဉ်းထောင်ကို မည်သည့်အတွက်ကြောင့် ပစ်မှတ်ထားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Israel Katz က ထုတ်ပြန်ချက်တွင် အီဗင်အကျဉ်းထောင်အပြင် အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော် (IRGC) ၏ အဓိက အဆောက်အအုံ နှင့် ဘာဆစ်ဌာနချုပ် (IRGC ၏ စစ်မဟာမိတ်တပ်ဖွဲ့) တို့ကိုလည်းပစ်မှတ်ထားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ် အချက်အလက် များ မဖော်ပြခဲ့ပေ။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အဆိုပါအကျဉ်းထောင်ကို တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအကျဉ်းထောင်တွင် ပြင်သစ်နိုင်ငံသား ၂ ဦး ချုပ်နှောင်ထားခံရသည်ဟု ဆိုသည်။
“တီဟီရန်ရှိ အီဗင်အကျဉ်းထောင်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကြောင့် မိမိတို့၏ နိုင်ငံသား ၂ ဦး (Cecile Kohler နှင့် Jacques Paris) အား အန္တရာယ်ကျရောက်စေနိုင်သည်။ ထိုသူနှစ်ဦးမှာ လွန်ခဲ့သော ၃ နှစ် ကတည်းက အကျဉ်းချထားခံခဲ့ရသူများ ဖြစ်သည်။ ၎င်းမှာ လက်သင့်မခံနိုင်ဖွယ် ဖြစ်သည်” ဟု Jean-Noël Barrot က တိုက်ခိုက်မှုအပြီး X (Twitter) တွင် ရေးသားခဲ့သည်။
၎င်းတို့နှစ်ဦးမှာ ၂၀၂၂ ခုနှစ် မေလက အီရန်သို့ အားလပ်ရက်အဖြစ် သွားရောက်စဉ် အစိုးရက ဖမ်းဆီးခဲ့ပြီး ထောက်လှမ်းရေးစွပ်စွဲချက်ဖြင့် အကျဉ်းချထားခံခဲ့ရသည်။ ထိုနှစ် အောက်တိုဘာလတွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ၎င်းတို့နှစ်ဦး၏ အတင်းအကျပ်ဝန်ခံချက်ကို ထုတ်လွှင့်ခဲ့သည်။ ထိုအခါ Kohler က သူမသည် ပြင်သစ်ထောက်လှမ်းရေး DGES အတွက် အလုပ်လုပ်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ်မှုများ ၁၂ ရက်ကြာပြီးနောက် တနင်္လာနေ့ (ဇွန် ၂၃) ညနေပိုင်းတွင် ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သည်။
(မှတ်ချက် - အီဗင်အကျဉ်းထောင်သည် နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့များက မကြာခဏ ဝေဖန်ခံရသည့် အကျဉ်းစခန်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများစွာကို ချုပ်နှောင်ထားရာနေရာအဖြစ် သတ်မှတ်ခံထားရသည်။)
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂