မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ ငါးဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်
01 July 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာနေ အမျိုးသမီး ငါးဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာသို့ ဇွန် ၂၉ ရက် ညနေ ၅ နာရီတွင် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာနေသူများဖြစ်သည့် ဒေါ်ခင်ပြုံးကြည်(၃၆)နှစ်၊ မမာမာလွင်(၁၈)နှစ်၊ ဒေါ်သီတာဝင်း(၄၂)နှစ်၊ ဒေါ်မာမာဝင်း(၃၉)နှစ်နှင့် ဒေါ်အေးအေးသင်း(၄၆)နှစ်တို့ ငါးဦးအား “သတင်းပေး” ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်၍ ကံတင်ဘီးလင်းဆည်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA