ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုမီဒီယာအသုံးပြုခွင့် တားဆီးရေးဥပဒေကို စတင်ရန် နီးကပ်လာ
ကင်ဘာရာ နိုဝင်ဘာ ၂၇
ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခွင့် တားဆီးရေးဥပဒေကို စတင်ရန် နီးကပ်လာပြီဖြစ်သည်။ အောက်လွှတ်တော်သည် အဆိုပါ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၇ ရက်က အတည်ပြုခဲ့သော်လည်း အထက်လွှတ်တော်၏ အတည်ပြုချက် ဆက်လက်လိုအပ်နေသေးကြောင်း သိရသည်။
အောက်လွှတ်တော်အမတ် ၁၀၂ ဦးက ၁၆ နှစ်အောက်ကလေးသူငယ်များ လူမှုမီဒီယာ အသုံးပြုခွင့်တားဆီးရေး ဥပဒေမူကြမ်းကို ထောက်ခံမဲပေးခဲ့သော်လည်း ၁၃ ဦး က ဆန့်ကျင် ခဲ့သည်။ အဆိုပါဥပဒေမူကြမ်းကို အတည်ပြုခဲ့မည်ဆိုပါက လူမှုမီဒီယာ အော်ပရေတာများသည် ကလေးသူငယ်များအကောင့်လုပ်ခြင်းကို တားဆီးနိုင်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်ကြရမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်သော နည်းပညာကုမ္ပဏီများကို ဩစတြေးလျ ဒေါ်လာ ၄၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း)ခန့် ဒဏ်ရိုက်မည်ဖြစ်သည်။ ကလေးသူငယ်များ သို့မဟုတ် ၎င်းတို့၏ မိဘများအတွက် ပြစ်ဒဏ်များ မရှိပါ။
အဆိုပါဥပဒေသည် အင်စတာဂရမ်၊ တစ်တော့ခ်၊ ဖေ့ဘွတ်ခ်နှင့် အိတ်စ်တို့ကို ရည်ရွယ်သည်။ အကောင့်မလိုအပ်သော ယူကျုနှင့် အခြားဝက်ဘ်ဆိုက်များကို ကင်းလွတ်ခွင့်ပေးထားသည်။ ဩစတြေးလျနိုင်ငံ၌ ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခွင့်တားဆီးရေးကို လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ထောက်ခံကြသည်။
သို့သော်လည်း အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မထိခိုက်စေဘဲ သုံးစွဲသူများ၏ အသက်အရွယ်စိစစ်ရေးနည်းလမ်းများကို ဖော်ဆောင်ရန် တစ်နှစ် အချိန် ရမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ
Source- မြန်မာ့အလင်းသတင်းစာ