ကျောက်ဆည်မြို့နယ်၌ အောင်နိုင်တိုး နွေစပါး စံကွက်ရိတ်သိမ်း အစို (၁၆၀) တင်းထွက်ရှိ
ကျောက်ဆည်၊ ဇူလိုင်-၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် စိုက်ပျိုးထားသည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် အောင်နိုင်တိုး နွေစပါးမျိုးသစ် အား ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းရာ အစိုစပါး(၁၆၀)တင်း ထွက်ရှိကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး စပါးသီးနှံများ စိုက်ပျိုးရာတွင် မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ GW-11နှင့်GW-18 စပါးမျိုးများ အဓိကထား စိုက်ပျိုးကြောင်းနှင့် ယခုနှစ် နွေစပါးရာသီး၌ စုစုပေါင်း နွေစပါး(၄၉၃၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။
ပေးပို့သူ- သက်မောင်၊ကျောက်ဆည်