သမ္မတ Trump သည် FIFA Club World Cup ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုမည်

News Image

  • သမ္မတ Trump သည် FIFA Club World Cup ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုမည်

သမ္မတ Donald Trump သည် ဇူလိုင် ၁၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၊ နယူးဂျာစီရှိ Metlife Stadium တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် FIFA Club World Cup ဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုမည်ဟု ကြေညာခဲ့သည်။

FIFA ဥက္ကဋ္ဌ Gianni Infantino က New York ရှိ Trump Tower တွင် FIFA ၏ရုံးခွဲဖွင့်လှစ်မည်ဟု ကြေညာပြီးနောက် တစ်ရက်အကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအဆောက်အဦတွင် Chelsea နှင့် Fluminense ၊ Real Madrid နှင့် PSG တို့ ယှဉ်ပြိုင်ကြမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များမှ ဗိုလ်လုပွဲမတိုင်မီအထိ FIFA Club World Cup ဆုတံဆိပ်ကို ပြသထားမည်ဖြစ်သည်။

အမေရိကန်သမ္မတနှင့် Mr. Infantino တို့သည် တာဝန်များမှ မအားလပ်သည့်ကြား မကြာခဏတွေ့ဆုံလေ့ရှိကြပြီး Infantino နှင့် သမ္မတ Trump ၏ ဆက်ဆံရေးပုံစံကို အများက အထူးနှစ်သက် သဘော ကျကြောင်း သိရှိရသည်။ “လက်ရှိ FIFA Club World Cup နှင့် လာမည့် နှစ်ကျင်းပမည့် World Cup တို့အတွက် အမေရိကန်အစိုးရနှင့် သမ္မတ Trump ထံမှ ကြီးမားသောပံ့ပိုးမှုများ ရရှိခဲ့ပါသည်” ဟု Mr. Infantino က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ “FIFA သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဖြစ်သောကြောင့် New York အပါအဝင် နေရာတိုင်းမှာ မိမိတို့ ရှိနေဖို့လိုပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇူလိုင် ၁၄ ရက် တွင် MetLife Stadium ၌ ကျင်းပမည့် ဗိုလ်လုပွဲသည် ထရမ့်၏ ပထမဆုံး FIFA Club World Cup တက်ရောက်မှု ဖြစ်လာမည် ဖြစ်သည်။ ၁၉၉၄ ခုနှစ် World Cup ပြိုင်ပွဲကျင်းပစဉ်က အမေရိကန် သမ္မတ Bill Clinton နှင့် ဇနီး Hilary တို့သည် ၁၉၉၄ ခုနှစ် ဇွန်လ ၁၇ ရက်က Chicago ရှိ Soldier Field တွင် ဖွင့်ပွဲအခမ်းအနားနှင့် လက်ရှိ ချန်ပီယံ ဂျာမနီနှင့် ဘိုလီးဗီးယားတို့၏ ပြိုင်ပွဲကို တက်ရောက်ခဲ့ဖူးသည်။ ယခုအခါ ၃၁ နှစ်အကြာတွင် အမေရိကန်သမ္မတတစ်ဦးကFIFA ဘောလုံး ပြိုင်ပွဲကို ပြန်လည်ကြည့်ရှုတော့မည် ဖြစ်သည်။

MetLife Stadium တွင် ပထမအကြိုဗိုလ်လုပွဲ၌ Chelsea က Fluminense ကို ၂-၀ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် ပထမဆုံးအသင်းဖြစ်ခဲ့ပြီး ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် Real Madrid နှင့် PSG တို့သည် ဇူလိုင် ၁၀ ရက် (ကြာသပတေးနေ့)တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ဗိုလ်လုပွဲသည် ဥရောပအသင်းနှစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ဖြစ်လာမည်ဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂