ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွေသိမ်တော် တန်ခိုးကြီးဘုရားတွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူး ပြည်သူများစည်ကား
ကျောက်ဆည်၊ ဇူလိုင်-၉
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါဆိုလပြည့်နေတွင် ဘုရား၊ ကျောင်းကန်များ တွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိပြီး ဆုတောင်းပြည့်မဟာရွှေသိမ်တော် တန်ခိုးကြီး ဘုရားတွင်လည်း စတုဒီသာကျွေးခြင်း၊ အချိုရည်ဝေငှ ကုသိုလ်ယူခြင်းနှင့် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူး ပြည်သူများ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးအား (၃၉၅)ခုနှစ်တွင် ရှင်အရဟံရဟန်းကြီးကိုယ်တိုင် သိမ်သမုတ်ပြီး အနော်ရထားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် သစ္စာအဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူးများ နေ့စဉ်စည်ကားလျက်ရှိပြီး ဌာနဆိုင်ရာ ရုံးပိတ်ရက်များနှင့် အခါကြီးနေ့ကြီးများတွင် စတုဒီသာကျွေးကုသိုလ်ရှင်များ၊ ဘုရားဖူးပြည်သူများနှင့် ပိုမို စည်ကားကြောင်း မဟာ ရွှေသိမ်တော်ဆုတောင်းပြည့် ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့မြောက်ဘက် (၁) မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး သင်တောင်းကျေးရွာအနီးတွင်တည်ရှိကာ သွားလာရလွယ်ကူပြီး နေ့စဉ် ဘုရားဖူး ပြည်သူများနှင့် အမြဲစည်ကားလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)