ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း (၁၆)ခုနှင့် တံတားလုပ်ငန်း (၃) ခု ဆောင်ရွက်ပေးလျက်ရှိ

News Image

  • ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း (၁၆)ခုနှင့် တံတားလုပ်ငန်း (၃) ခု ဆောင်ရွက်ပေးလျက်ရှိ
  • ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း (၁၆)ခုနှင့် တံတားလုပ်ငန်း (၃) ခု ဆောင်ရွက်ပေးလျက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့်ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်း၊ တံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းလုပ်ငန်း(၁၆)ခုနှင့် တံတားလုပ်ငန်း(၃)ခု စုစုပေါင်း(၁၉)ခု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းတံတားများ ဆောင်ရွက်ပေးရာ၌ ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေ(၉၀၁.၅၂၃) ကျပ်သန်းဖြင့် ကျောက်ဆည်မြို့နယ်တွင် လမ်းလုပ်ငန်း(၃)ခု၊ မြစ်သားမြို့နယ်တွင်လမ်းလုပ်ငန်း (၃)ခုနှင့် တံတားလုပ်ငန်း(၁)ခု၊ မန္တလေးတိုင်းဒေသကြီး(ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေ (၂၆၄၃.၀၁၇)ကျပ်သန်းဖြင့် ကျောက်ဆည် မြို့နယ်တွင် လမ်းလုပ်ငန်း(၁)ခု၊ စဉ့်ကိုင်မြို့နယ်တွင် လမ်းလုပ်ငန်း(၄)ခု၊ တံတားဦးမြို့နယ်တွင် လမ်းလုပ်ငန်း (၂) ခု နှင့်တံတားလုပ်ငန်း(၁)ခု၊ မြစ်သားမြို့နယ်တွင် လမ်းလုပ်ငန်း(၃)ခုနှင့်တံတားလုပ်ငန်း(၁)ခု စုစုပေါင်း လုပ်ငန်း(၁၉)ခုဖြစ်ကြောင်း သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ (၈၀) ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိလူဦးရေ(၉၀)ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။        

သက်မောင်၊(ကျောက်ဆည်)