အကြီးတန်း EU သံတမန်တစ်ဦးက လွှတ်တော်သို့ နောက်ကျစွာ ရောက်ရှိ လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအပေါ် ပြစ်တင် ပြောဆို

News Image

  • အကြီးတန်း EU သံတမန်တစ်ဦးက လွှတ်တော်သို့ နောက်ကျစွာ ရောက်ရှိ လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအပေါ် ပြစ်တင် ပြောဆို

အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က နိုင်ငံတကာ အကျပ် အတည်းများက ၎င်းအား ဝန်ပိစေသည်ဟု ညည်းညူကာ “၎င်းသည် သမိုင်းတစ်လျှောက် ကံအဆိုးဆုံး ဝန်ကြီး” ဟု ရည်ညွှန်းခဲ့သည်။

အီတလီပါလီမန်တွင် ကျင်းပသည့် မြေထဲပင်လယ်ဒေသ ဒီမိုကရေစီနှင့် လွှတ်တော်စနစ်ဆိုင်ရာ အစည်းအဝေးသို့ နောက်ကျမှ ရောက်ရှိ ပြီးနောက် ဝန်ကြီး Tajani က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းတင်းမာမှုများ အရှိန်မြှင့်တင်မှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများကို ရည်ညွှန်းကာ ၎င်းသည် သမိုင်းတွင် ကံအဆိုးဆုံးဝန်ကြီးဖြစ်သည်ဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း Tajani က Formiche မီဒီယာတွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ယူကရိန်းစစ်ပြီးခေတ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အီတလီ၏ အခန်းကဏ္ဍကို ထပ်လောင်း အတည်ပြု ခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ အဆိုပါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်သည့် ကုမ္ပဏီများအတွက် ငွေကြေးထောက်ပံ့မှု များကို ရောမအစိုးရက မကြာမီ ကြေညာမည်ဖြစ်သည်။

ဂါဇာစစ်ပွဲသည် အီတလီအပါအဝင် EU အစိုးရများအတွက် ဒုတိယ အကြီးဆုံး သံတမန်ရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ရပ်စဲရေး တောင်းဆိုမှုများနှင့် အစ္စရေးသို့ အနောက်နိုင်ငံများ၏ လက်နက်ရောင်းဝယ်မှု ဆက်လက်လုပ်ဆောင်နေခြင်းတို့အကြား ကြား ညပ်နေသည့် အခြေအနေတွင် ဖြစ်သည်။

Tajani ၏ ထုတ်ဖော်ပြောဆိုချက်များသည် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် EU အနေဖြင့် သမ္မတ Donald Trump ၏ ဧပြီလ ၂ ရက်က ကြေညာခဲ့သည့် ' Liberation Day ' ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် များ အကောင်အထည်ဖော်နိုင်သည့် အလားအလာကို ရင်ဆိုင်နေရချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Trump က EU အား “ဆက်ဆံရန် အလွန်ခက်ခဲသော” အဖွဲ့အစည်း ဟုလည်းကောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုများအား လုံးဝ လက်မခံနိုင်သော အခြေအနေဟုလည်းကောင်း ထပ်လောင်း သုံးသပ် ခဲ့သည်။ ထရမ့်သည် EU ထုတ်ကုန်အားလုံးကို ၂၀% ၊ ကားနှင့် သတ္တု ပစ္စည်းများကို ၂၅% အကောက်ခွန် စည်းကြပ်မှုများ ချမှတ်ခဲ့သည်။ ၂၀% အကောက်ခွန်ကို ဧပြီ ၉ ရက်တွင် ၉၀ ရက်ကြာ ရွှေ့ဆိုင်းခဲ့သော်လည်း ၁၀% အခြေခံအကောက်ခွန်မှာမူ ဆက်လက်ကျင့်သုံးလျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂