အမေရိကန်၊ တရုတ် ကိုယ်စားလှယ်တို့ ထရမ့်နှင့် ရှီတို့၏ ထိပ်သီးအစည်းအဝေးမတိုင်မီ အကြိုညှိနှိုင်းကြဖွယ်ရှိ
(Bloomberg ၊ ဇူလိုင် ၁၀)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubioနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့သည် သောကြာနေ့ (ဇူလိုင် ၁၁) မလေးရှားတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင်း၌ သမ္မတနှစ်ဦးတို့၏ထိပ်သီး အစည်းအဝေးမတိုင်မီ ပထမအကြိမ် လူကိုယ်တိုင် တွေ့ဆုံ ညှိနှိုင်း ဇာတ်တိုက် ဆွေးနွေးကြဖွယ် ရှိပါသည်။
အမေရိကန်ထိပ်တန်းကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့တွေ့ဆုံမည့် အစီအစဉ်မှာ ကွာလာလမ်ပူမြို့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဖြစ်ကြောင်း Rubio ၏ Public Schedule အရ သိရပါသည်။ နှစ်ဖက်အရာထမ်းများသည် သောကြာနေ့တွင် ပြီးဆုံး မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အစည်းအဝေးတွင် ရောက်ရှိနေကြပါသည်။
ယင်းသည် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးချိန်မှစ၍ ကျင်းပ ပြုလုပ်ရန်ရှိသည့် အဆင့်မြင့်ဆုံး အစည်းအဝေးဖြစ်ပါသည်။ အဆင့်မြင့် ကိုယ်စားလှယ်များသည် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိပြီး ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးအတွက် တိုးတက်မှုများဖော်ဆောင်ကာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှု၊ ပွတ်တိုက်မှုများကိုလည်း တင်းမာမှုများ ဖြေလျော့သွားစေနိုင်လိမ့်မည်ဖြစ်ပါသည်။
Rubio က ကြာသပတေးနေ့တွင် သတင်းသမားများကို “တရုတ်သည် ရုရှား၏ ဆောင်ရွက် ချက်များကို အားပေးထောက်ခံနေသည်မှာ သေချာကြောင်း၊ မိမိအနေနှင့် ၎င်းတို့က မည်သည့် အကျိုးကိုမျှ မျှော်ကိုးခြင်းမရှိဘဲ၊ အကူညီပေးလိုသည့် ဆန္ဒရှိနေကြမည်ဟု ထင်ကြောင်း” ပြောကြားပါသည်။
ယူကရိန်းကို ကျူးကျော်မှု ပြုခဲ့သည့် နောက်ပိုင်း ပေကျင်းသည် စီးပွားရေးအရ၊ သံတမန် ရေးအရ မော်စကိုကို ထောက်မပေးနေခြင်းသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ နှစ်ခု၏ ဆက်ဆံရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေပါသည်။
ဇန်နဝါရီလ နောက်ဆုံးတယ်လီဖုန်းခေါ်ဆိုမှုတွင် Rubioက တရုတ်၏ တိုင်ဝမ်အပေါ် ပြုမူ နေမှုများသည် တောင်တရုတ်ပင်လယ်အရေးကို စိုးရိမ်ပူပန်မှု မြင့်တက်စေကြောင်း ပြောကြား ခဲ့ပြီး၊ ဝမ်က အမေရိကန်သည် တိုင်ဝမ်နှင့်ပတ်သက်၍ သတိထား ကိုင်တွယ် ဆောင်ရွက်ရန် သတိပေးပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံလိုကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်းနှင့် အဆင့်မြင့် တရုတ်အရာရှိများက ယခင် ရက်သတ္တပတ်က နှစ်နိုင်ငံဆက်ဆံရေးအပေါ် အပြုသဘော ဖော်ပြခဲ့ကြပါသည်။
ဇွန်လ အစောပိုင်း တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုတွင် ရှီက ထရမ့်ကို တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ အမေရိကန်အစိုးရအဖွဲ့ စီးပွားရေးဆိုင်ရာ အမှုဆောင် အဖွဲ့သည် ယခုနှစ်အတွင်း တရုတ်ပြည်သို့ လိုက်ပါသွားဖွယ်ရှိကြောင်း ယခင် ရက်သတ္တပတ် က Bloomberg သတင်းတွင်ဖော်ပြပါသည်။
ဖေဖော်ဝါရီလအတွင်း ဝမ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတက်ရောက် ရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့သော်လည်း၊ ထရမ့်အစိုးရအဖွဲ့နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။ နောက်ရက်သတ္တပတ်များအတွင်း ဆန်ပေးမှ ဆီရမည် (tip-for-tat) ဆိုသည့် လုပ်ဆောင်မှုမျိုးဖြင့် တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်၏ အကောက် အခွန် စည်းကြပ်မှုသည် မေလညှိနှိုင်းမှုအပြီး ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခြင်း မပြုမီ ၁၄၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ပါသည်။
ကိုးကား- Bloomberg
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ